Pages

Thursday, January 31, 2019

ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်ကို တိုင်းရင်းသား ဘာသာ ၅၅ မျိုးဖြင့် ထုတ်ဝေပေးမည်

-
ရန်ကုန်  ဇန်နဝါရီ   ၃ဝ 
-
တောင်ပေါ်/မြေပြန့်ဒေသများအထိ ပြည်သူလူထု၏ ကျန်းမာရေး အဆင့်အတန်း အသိပညာ တိုးတက်မြင့်မားလာစေရန် ''ကျန်းမာရေးဆိုင်ရာစံပြုအချက်အလက်များ'' စာအုပ်ကို တိုင်းရင်းသားဘာသာ  ၅၅ မျိုးဖြင့် ဘာသာပြန် ဆိုပြီး  မတ်လတွင် ထုတ်ဝေနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန  ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ သိရသည်။ 
-
''လက်ရှိ တစ်နိုင်ငံလုံးမှာ ကျန်းမာရေး အသိပညာပေးနေတဲ့ အဖွဲ့တွေရှိတယ်။ ဒီအဖွဲ့တွေ အားလုံးကို စံပြုစရာ၊ ကိုးကားစရာ မှန်ကန်တဲ့သတင်းအချက်အလက်ရရှိစေဖို့ဖြစ်ပါတယ်။ ဒီစာအုပ်မှာအခန်း(၁၅)ခန်း ပါတယ်။  တစ်ခန်းချင်းအလိုက်သက်ဆိုင်ရာ ပရိုဂရမ် မန်နေဂျာတွေဆီကနေ သတင်းအချက်အလက်တွေ ရယူပြီး  ပြည်သူလူထု နားလည်မယ့် ပုံစံမျိုးနဲ့ရေးပြီး တိုင်းဒေသကြီးနဲ့ပြည်နယ် ဆေးတက္ကသိုလ် အဆင့်ဆင့် အတည်ပြုချက် ရယူထားတာပါ။ဒီစာအုပ်က ဝန်ကြီးဌာန နှစ်ခုရဲ့ကြိုးစားအားထုတ်မှုပါ။ ရေးလို့ရတဲ့ တိုင်းရင်းသားဘာသာ ၅၅ မျိုးစလုံးကဘာသာပြန်ပြီးထုတ်သွားမှာပါ။လာမယ့်မတ်လထက်နောက်မကျဘဲ ပြီးစီးအောင် ကြိုးစားနေပါတယ်''ဟု ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာဖြူဖြူအေးကပြောသည်။
-
ထိုကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်ကို သက်ဆိုင်ရာဘာသာရပ်အလိုက် စာပေယဉ်ကျေးမှု အဖွဲ့များက ဘာသာပြန်ဆိုမှုသည် ၅၅ ဘာသာအထိ ဘာသာပြန်သွားမည်ဖြစ်သည်။ယခုအခါတွင် ဂုန်ရှမ်း/ ကိုးကန့်(ရှမ်း)၊ ကယား၊ အရှို(ချင်း)၊  မကူရီနာဂ၊ လီဆူး၊ အာခါ (ရှမ်း)၊ တိုင်းလျန်း၊ ဇိုမီး(ချင်း)၊ ဇိုင်ဝါး(ချင်း)နှင့် အခြားဘာသာ နှစ်မျိုး အပါအဝင် ဘာသာ ၁၂ မျိုးပြီးစီးနေပြီဖြစ်သည်။ အားလုံးကို မတ်လထက်နောက်မကျဘဲ ပြီးစီးနိုင်ရေး ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုစာအုပ်သည် ဒေသအလိုက် လိုအပ်သော ကျန်းမာရေးဆိုင်ရာအသိပညာပေးလမ်းညွှန်စာအုပ်အဖြစ် ပေါ်ထွက်လာမည်ဖြစ်ပြီး ကျန်းမာရေး ပညာပေး ရုပ်/သံရိုက်ကူးမှုနှင့် အသံထုတ်လွှင့်မှုအပိုင်း၊ ကျန်းမာရေးအသိပညာပေးမှုများတွင်  အထောက်အကူပြုမည် ဖြစ်ကြောင်းကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနခွဲမှ သိရသည်။
-
ထိုစာအုပ်တွင် မွေးကင်းစကလေး ကျန်းမာဖွံ့ဖြိုးရေး၊ကာကွယ်ဆေးထိုး လုပ်ငန်း၊အာဟာရဖွံ့ဖြိုးရေး၊  ကျောင်းကျန်းမာရေး၊   ဆယ်ကျော်သက်လူငယ် ကျန်းမာဖွံ့ဖြိုးရေး၊ မိခင်နှင့် မျိုးဆက်ပြန့်ပွားကျန်းမာရေး၊ ကူးစက်နိုင်သော ရောဂါများ၊ မကူးစက်နိုင်သော ရောဂါများ၊ ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုဘဝပုံစံများ၊ သက်ကြီးရွယ်အို ကျန်းမာရေး စောင့်ရှောက်မှု၊ သဘာဝဘေးအန္တရာယ်၊ အထွေထွေ/ တိုင်းရင်းဆေးပညာရပ် ဆိုင်ရာ စံပြုအချက် အလက်များ၊  အားကစားနှင့် ကာပညာသိပ္ပံ အချက်အလက်များ၊  အစားအသောက်နှင့် ဆေးဝါးဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာများကိုကဏ္ဍအလိုက် ထည့်သွင်း ဖော်ပြထားခြင်းဖြစ်သည်။ ထိုအချက်အလက်များကိုကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဌာနဆိုင်ရာ အဖွဲ့အစည်း အသီးသီးက စိစစ်အတည်ပြုပြီး တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းကာ ကုလသမဂ္ဂ   ကလေးများ ရန်ပုံငွေအဖွဲ့၏ ပံ့ပိုးမှုဖြင့် ဖြန့်ချိထုတ်ဝေမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment