Pages

Thursday, January 3, 2019

ပုဂံရောက် ပြည်တွင်း ဘုရားဖူးများ မြန်မာ့ရိုးရာ အနုပညာ လက်ရာမြောက် ယွန်းပစ္စည်းများကို အားထားဝယ်ယူ

ပုဂံရောက် ပြည်တွင်း ဘုရားဖူးများ မြန်မာ့ရိုးရာ အနုပညာ လက်ရာမြောက် ယွန်းပစ္စည်းများကို အားထားဝယ်ယူ
-
ညောင်ဦး  ဇန်နဝါရီ  ၂ 
-
နှစ်သစ်ကူး ရုံးပိတ်ရက်များတွင် ပုဂံဒေသသို့ လာရောက်လည်ပတ်သူ များပြားလျက်ရှိရာ  အမှတ်တရ လက်ဆောင်အဖြစ်   အနုပညာလက်ရာမြောက် ယွန်းပစ္စည်းများကို အားထားဝယ်ယူလျက် ရှိကြောင်း သိရသည်။ ယွန်းပစ္စည်းများမှာ လုပ်ကိုင်ပုံနည်းစနစ်အရ ဈေးနှုန်းအမျိုးမျိုး ကွာခြားသွားပြီး တန်ဖိုး နည်းယွန်းထည်များမှာ  ငွေကျပ်သုံးထောင်ကျော်၊ အနုပညာလက်ရာမြောက် တန်ဖိုးမြင့် ယွန်းထည်တစ်ခုလျှင်  ငွေကျပ်သုံးသောင်းကျော်နှင့် အနုစိပ်အနုပညာ လက်ရာမြောက် ယွန်းထည်ပစ္စည်း   မင်္ဂလာအုပ်တစ်ခုလျှင် ငွေကျပ်သိန်းနှစ်ဆယ်ကျော်အထိ ဈေးနှုန်း အမျိုးမျိုးရှိကြောင်း သိရသည်။ 
-
မြန်မာ့လက်မှုယွန်း အနုပညာသည် ခေတ်ဆက်ဆက် ဖြတ်သန်းမှုများနှင့်အတူ  နည်းစနစ်သစ်များပါ ပေါင်းစပ်ကာ တဖြည်းဖြည်း တိုးတက်လာခဲ့သည်။ရှေးခေတ်အခါကအနက်ထည် ယွန်းထည်အဆင့်မှ ညောင်ရမ်းခေတ် ရောက်သည့်ကာလတွင် ကညစ်ယွန်းထိုးအဆင့်အထိ တိုးတက်လာကြောင်း သိရသည်။လက်ရှိကာလတွင် ယွန်းထည်ပစ္စည်းအမျိုးမျိုးကို ကညစ်ယွန်း၊ ရွှေစဝါယွန်း၊ သရိုး ပန်းကြွယွန်း၊ မှန်စီရွှေချယွန်း၊ မံယွန်းတို့ကို ဒီဇိုင်း အမျိုးမျိုးဖြင့်  စိတ်ဝင်စားအောင်ပြုလုပ်လာနိုင်ခဲ့သည်။ 
-
မြန်မာ့ယွန်းအနုပညာ အထည်များ ပြုလုပ်ရာတွင် အခြေခံအားဖြင့် ခွေထည်၊ ရက်ထည်၊ ပုတ်ထည်၊ ကြောင်လိမ်ထည်ဆိုသော ရက်လုပ်နည်းများဖြင့် ရက်လုပ်ကြသည်။အများအားဖြင့် ပန်းကန်ပြား၊ ပန်းကန်လုံး၊ ပန်းအိုး၊ စဥ့်အိုး၊ လက်ဖက်အုပ်၊ ဆွမ်းအုပ်၊ ရေနွေးပန်းကန်လုံး၊ မင်္ဂလာအုပ်၊ ဇီးကွက်ရုပ်၊ ဆေးလိပ်ပြာခံခွက်တို့ကို ခွေထည်နည်းဖြင့် ပြုလုပ်ကြသည်။  ထမင်းချိုင့်၊  လင်ပန်း၊ကလပ်၊ ကွမ်းအစ်၊ သစ်သီးခြင်း ယွန်းထည်များကို ရက်ထည်နည်းဖြင့် ပြုလုပ်ကြသည်။ ရေခွက်အမျိုးမျိုး၊ ကွမ်းအစ်အမျိုးမျိုးနှင့် အတူ လှပသောစီးကရက်ဘူး ယွန်းထည်များကို ပုတ်ထည်နှင့် ကြောင်လိမ်ထည် တွဲစပ်လုပ်ကိုင်ရသည်။ 
-
လက်ရှိကာလတွင်  တန်ဖိုးနည်းယွန်းထည် ပစ္စည်းများနှင့် တန်ဖိုးမြင့် လက်မှုအနုပညာမြောက်  ယွန်းထည်ပစ္စည်းများကို တွဲဖက်ပြုလုပ် ရောင်းချလျက်ရှိကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment