Pages

Wednesday, December 12, 2018

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများအား သီးခြားစီ လက်ခံတွေ့ဆုံ

-
နေပြည်တော် ဒီဇင်ဘာ ၁၁  
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ရေး ကော်မတီ၏ အကြံပေး အဖွဲ့ဝင်၊ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံ သံအမတ်ကြီးနှင့် ကမ္ဘာ့ဘဏ်အုပ်စုမှ မြို့ပြနှင့် ဘေးအန္တရာယ် လျှော့ချရေးဆိုင်ရာ စီမံခန့်ခွဲမှု၏ Practice Manager တို့အား သီးခြားစီ လက်ခံ တွေ့ဆုံသည်။
-
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. Christine Schraner Burgener နှင့်တွေ့ဆုံစဉ် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊  မိတ်ဖက် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှု အခြေအနေ၊ ဦးစားပေး လုပ်ငန်းများဖြစ်သည့် နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်၊ IDPစခန်းများ ပိတ်သိမ်းရေး၊ နေရပ်စွန့်ခွာသူများ  ပြန်လည်လက်ခံရေးနှင့် ပတ်သက်၍ ဆောင်ရွက်မှု အခြေအနေများ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ AHA Centre တို့နှင့် ပူးပေါင်း ဆောင်ရွက်နေမှုများနှင့်  ရှေ့ဆက်ဆောင်ရွက်မည့် အခြေအနေများ၊ လူမှုအသိုက်အဝန်း နှစ်ခုအကြား လူမှုသဟဇာတ မျှတရေး၊ နေရပ်စွန့်ခွာသူများ ၎င်းတို့ဆန္ဒအလျောက် လူသားဂုဏ်သိက္ခာ ပြည့်ဝစွာ ယုံကြည်မှုရှိရှိ ပြန်လာနိုင်ရေးအတွက်  မြန်မာအစိုးရဘက်မှ   ဆောင်ရွက်ချက်များနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့ရှိ    နေရပ်စွန့်ခွာသူများထံ ရောက်ရှိနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များ၊  ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်း(မြောက်) ဒေသများရှိ IDP စခန်းများ၏ လိုအပ်ချက်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
-
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏  အကြံပေးအဖွဲ့  အဖွဲ့ဝင်ဟောင်း Mr. Roelf Meyer နှင့်တွေ့ဆုံစဉ် ရခိုင်ပြည်နယ်ရှိ လူမှုအသိုက်အဝန်းနှစ်ခု အကြား လူမှုသဟဇာတ မျှတရေးအတွက် စကားဝိုင်းဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိရာ မောင်တောမြို့နယ်တွင် ဆောင်ရွက်ခဲ့သောစကားဝိုင်းဆွေးနွေးမှုများ၊အမျိုးသမီး ဖိုရမ်များမှ တွေ့ရှိချက်များ၊ အမျိုးသမီးဖိုရမ် များတွင် အသက်အရွယ် အပိုင်းအခြား ပေါင်းစုံပါဝင်နိုင်ရေးနှင့် ၎င်းတို့၏ တင်ပြချက်များမှ ပညာရေး၊ ကျန်းမာရေး၊ ခရီးသွားလာရေး၊ ယုံကြည်မှုတည်ဆောက်ရေးစသည့်အဓိက အချက်များ၊ လွတ်လပ်စွာလှုပ်ရှား သွားလာခွင့်ရရှိရေး အတွက် National  Verification Process အားဆောင်ရွက်ရန် အတွက် ဘာသာစကား အခက်အခဲ အပါအဝင် အဟန့်အတားများအား ဖယ်ရှားနိုင်ရေး စသည့်ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။
-
မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံသံအမတ်ကြီး  H.E. Mrs. Karen MacArthur နှင့်တွေ့ဆုံစဉ်ကနေဒါနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေး စီမံကိန်းများနှင့် ပတ်သက်၍ ရခိုင်၊ကချင်နှင့် ရှမ်းပြည်နယ်တို့၌ ဆောင်ရွက်လျက်ရှိသော စီမံချက်များ၏ နောက်ဆုံးအခြေအနေများ၊   အသစ်တိုးချဲ့ဆောင်ရွက်မည့် စီမံချက်သုံးခုဖြစ်သော Health Empowerment ၊Women's Voice and Leadership သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုနှင့် ဘေးလျော့ပါးရေးဆိုင်ရာကိစ္စရပ်များအတွက်  ကနေဒါနိုင်ငံ အစိုးရမှ နည်းပညာ ထောက်ပံ့မှု အကူအညီပေးမှုများအပေါ် သုံးသပ် ဆွေးနွေးချက်များ၊ ဘေးလျော့ပါးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် Myanmar Action Plan on Disaster Risk Reduction (MAPDRR) နှင့် ချိတ်ဆက် ဆွေးနွေးနိုင်ရေး ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် စပ်လျဉ်း၍ နောက်ဆုံး အခြေအနေများ၊ ရခိုင်ပြည်နယ် အပါအဝင် ပြည်နယ်အသီးသီးရှိ   IDP စခန်းများ ပိတ်သိမ်းရေးအတွက် အမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲ ဆောင်ရွက်နေမှုများနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ အပါအဝင် ကျွမ်းကျင်ပုဂ္ဂိုလ်များနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို ဆွေးနွေး သည်။
-
ဆက်လက်၍ ကမ္ဘာ့ဘဏ်အုပ်စုမှ မြို့ပြနှင့် ဘေးအန္တရာယ် လျှော့ချရေးဆိုင်ရာ စီမံခန့်ခွဲမှု၏ Practice Manager Mr. AbhasJha နှင့်အဖွဲ့တို့နှင့် တွေ့ဆုံစဉ်   ကမ္ဘာ့ဘဏ်၏ ချေးငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေ သည့် ၂ဝ၁၅ ခုနှစ် ရေဘေးပြန်လည် ထူထောင်ရေး အတွက် Emergency Recovery Credit (ERC) စီမံကိန်း၊ Immediate Res-ponse Mechanism စီမံကိန်းအရတိုးတက်မှု အခြေအနေနှင့် အခက်အခဲများ၊ ဘေးဖြစ်ဖြစ်ပြီး ချင်းထုတ်ယူနိုင်သည့် ကမ္ဘာ့ဘဏ်၏ Catastrophe Deferred Drawdown  Option (Cat DDO) ချေးငွေရယူရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment