
-
စစ်တွေ ဒီဇင်ဘာ ၁၂
-
သြစတြေးလျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် အထက်လွှတ်တော် အမတ် The Honourable Marise Payne နှင့်အဖွဲ့သည် ယနေ့တွင် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် တွေ့ဆုံပြီး စစ်တွေမြို့ရှိ ဗောဒူဖကယ်ဆယ်ရေး စခန်းသို့ သွားရောက်ကြည့်ရှု လေ့လာသည်။ သြစတြေးလျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် အထက်လွှတ်တော်အမတ် The Honourable Marise Payne နှင့် အဖွဲ့သည် ယနေ့ ညနေ ၃ နာရီတွင် လေကြောင်းခရီးဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိကြရာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက စစ်တွေလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် သြစတြေးလျနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးနှင့် အထက်လွှတ်တော်အမတ် The Honourable Marise Payne သည် စစ်တွေလေဆိပ်ရှိ ဧည့်ခန်းမ၌ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် တွေ့ဆုံသည်။
-
တွေ့ဆုံပွဲသို့ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်၊ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးကျော်အေးသိန်း၊ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်၊ ပြည်နယ်ဥပဒေချုပ် ဦးကျော်လှထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ယင်းနောက် သြစတြေးလျနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးနှင့် အထက်လွှတ်တော် အမတ်နှင့် အဖွဲ့သည် စစ်တွေမြို့ရှိ ဗောဒူဖကယ်ဆယ်ရေးစခန်းသို့ သွားရောက်ပြီး ကယ်ဆယ်ရေး စခန်းအတွင်း၌ ယာယီဖွင့်လှစ်ထားသည့် အခြေခံပညာ မူလတန်းကျောင်း၌ ပညာသင်ကြားမှု၊ သင်ယူမှု အခြေအနေများကို လည်းကောင်း၊ ကယ်ဆယ်ရေးစခန်းအတွင်း နေထိုင်သူများ၏ စားဝတ်နေရေး အခြေအနေများကို လည်းကောင်း လှည့်လည်ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။
-
ထို့အတူ သြစတြေးလျနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးနှင့် အထက်လွှတ်တော် အမတ်နှင့် အဖွဲ့ဝင်များသည် ကယ်ဆယ်ရေး စခန်းအတွင်း ဖွင့်လှစ်ထားရှိသည့် အမျိုးသမီးများ ဆုံဆည်းရာစင်တာသို့ သွားရောက်ပြီး အဆိုပါစင်တာရှိ အမျိုးသမီးများနှင့် တွေ့ဆုံသည်။ ညပိုင်းတွင် သြစတြေးလျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် အထက်လွှတ်တော် အမတ်နှင့်အဖွဲ့သည် လေကြောင်းခရီးဖြင့် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာသွားသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment