
-
ရန်ကုန် ဒီဇင်ဘာ ၁၁
-
အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၄ဝဝဝ ဖန်တီးပေးနိုင်မည့် လုပ်ငန်းခြောက်ခုကို ထပ်မံခွင့်ပြုပေးလိုက်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌထံမှ သိရသည်။ အဆိုပါလုပ်ငန်း ခြောက်ခုမှာ
ဟိုတယ် ဝန်ဆောင်မှုလုပ်ငန်း၊ Network Facilities ဝန်ဆောင်မှု လုပ်ငန်း၊ CMP စနစ်ဖြင့် အထည်ချုပ်လုပ်ငန်း၊ အိတ်ချုပ်လုပ်ငန်း၊ မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ခြင်း လုပ်ငန်းနှင့် စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းတို့ ပါဝင်ကြောင်း သိရသည်။
-
ယင်းလုပ်ငန်းများမှ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၄၂၂၆ ခု ဖန်တီးပေးနိုင်မည်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ခွင့်ပြုပေးရာတွင် လုပ်ငန်း၏ စီးပွားရေး တွက်ခြေကိုက်မှု၊ အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင်မှု၊ အမျိုးသား ဝင်ငွေခွန်နှင့် အခွန်တိုးတက်ရရှိနိုင်မှု၊ ပြည်တွင်းပြည်ပ ဈေးကွက်အခြေအနေ၊ ပြည်တွင်းစားသုံးရန် လိုအပ်ချက်၊ နည်းပညာဆီလျော်မှု၊ တီထွင်ဆန်းသစ်မှု၊ နည်းပညာလွှဲပြောင်း ရရှိမှု၊ ပတ်ဝန်းကျင် ထိခိုက်မှုနှင့် လူမှုရေး ထိခိုက်မှု၊ ထိန်းသိမ်းကာကွယ်ရေး ဆောင်ရွက်မှု၊ အစီအမံ၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုဖြစ်ခြင်းနှင့် တည်ဆဲဥပဒေများကို လိုက်နာခြင်း စသည့် အချက်များကိုအခြေခံ၍ စိစစ်လက်ခံခြင်း ဖြစ်သည်။
-
၂ဝ၁၈ ခုနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၃ဝ ရက်အထိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၆၅ ဘီလီယံရှိပြီး မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမှန်တကယ် ဝင်ရောက်မှုမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၄၅ ဘီလီယံ ရှိကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment