Pages

Friday, December 21, 2018

ရန်ကုန်မြို့လယ် ဧရိယာအတွင်း လူကူးမျဉ်းကျားများ ပြန်လည်ရေးဆွဲကာ စည်းကမ်းတကျ လမ်းကူးနိုင်စေဉ်ဆောင်ရွက်လျက်ရှိ

ရန်ကုန်မြို့လယ် ဧရိယာအတွင်း လူကူးမျဉ်းကျားများ ပြန်လည်ရေးဆွဲကာ စည်းကမ်းတကျ လမ်းကူးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ
-
ရန်ကုန်  ဒီဇင်ဘာ  ၂ဝ 
-
ရန်ကုန်မြို့လယ်  (Downtown)  ဧရိယာအတွင်း ယခုအခါ လူကူးမျဉ်းကျားများကို ပြန်လည်ရေးဆွဲနေပြီး လမ်းသွားလမ်းလာများ အနေဖြင့် စည်းကမ်းတကျ လမ်းကူးနိုင်ရေး အတွက် ကြပ်မတ်ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲရုံး(ရန်ကုန်)မှ သိရသည်။ 
-
အဆိုပါရေးဆွဲမှုကို   ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊အင်ဂျင်နီယာဌာန (လမ်း၊တံတား)မှ  တာဝန်ယူကာ လုပ်ဆောင်ခြင်းဖြစ်ပြီး စည်းကမ်းတကျ လုပ်ဆောင်နိုင်ရန် ကြပ်မတ်ဆောင်ရွက်မှုကို  ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့်  ပူးပေါင်းလုပ်ကိုင်နိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။ ''လောလောဆယ် ဆေးပြယ်လွင့်နေတဲ့ လူကူးမျဉ်းကျားတွေ၊ လူကူးမျဉ်းကျား လိုအပ်တဲ့ နေရာတွေအပါအဝင် မြို့လယ်ဧရိယာထဲမှာ အဓိကထားပြီးတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ရေးဆွဲနေတယ်။  ဒါတွေဆွဲတာပြီးတာနဲ့  စည်းကမ်းတကျနဲ့ သွားလာနိုင်ဖို့  ကြပ်မတ်ကြဖို့ စီစဉ်ထားတာ ရှိတယ်။ အခုတော့ တချို့နေရာတွေမှာလည်း လမ်းအမှတ်အသားတွေ၊ လူကူး မျဉ်းကြားတွေဆွဲဖို့ ကျန်နေတာတွေကိုလည်း  အပြီးသပ် လုပ်ဆောင်နေပါတယ်'' ဟု အဆိုပါ ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိတစ်ဦးက ပြောသည်။
-
ထိုသို့သော လူကူးမျဉ်းကျားများ ရေးဆွဲရာတွင် မီးပွိုင့်ဧရိယာများတွင်ပါ  ရပ်မျဉ်းအရှေ့တွင် ရှိသည့် မျဉ်းဝါနှစ်ကြောင်းကြားတွင်လည်း  ငါးပေခန့်ရှိသည့်  လူကူးမျဉ်းကျားများကို ဖြည့်သွင်းရေးဆွဲကာ လုပ်ဆောင်နေသလို ဆေးပြယ် လွင့်နေသော နေရာများတွင်လည်း အသစ်ပြန်လည်ရေးဆွဲနေပြီး ယခုလအတွင်း အပြီးလုပ်ဆောင်နေခြင်း ဖြစ်သည်။ ''မီးပွိုင့်ဧရိယာထဲမှာဆိုရင်  ရပ်မျဉ်းရှေ့က မျဉ်းအဝါ နှစ်လိုင်းထဲကနေ စနစ်တကျ လမ်းကူးနိုင်ပါတယ်။ ဒါပေမဲ့ တချို့လမ်းသွားသူတွေနဲ့ ယာဉ်မောင်းတချို့က မသိဘူး။ ဒါကြောင့် အခုလို လမ်းအမှတ်အသားတွေ ရေးဆွဲတဲ့အခါ လူကူးမျဉ်းကျားတွေကို အဲဒီမီးပွိုင့်တွေက  မျဉ်းဝါလိုင်းတွေ နေရာမှာ ရေးဆွဲတာဖြစ်ပါတယ်'' ဟု  ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန(လမ်း၊ တံတား) တာဝန်ရှိသူ တစ်ဦးက ပြောသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment