Pages

Wednesday, December 26, 2018

အများပြည်သူသွားလာမှု မထိခိုက်စေရန် ညပိုင်းတွင် ကေဘယ်ကြိုးမြှုပ်သည့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

အများပြည်သူသွားလာမှု မထိခိုက်စေရန် ညပိုင်းတွင် ကေဘယ်ကြိုးမြှုပ်သည့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
-
ရန်ကုန် ဒီဇင်ဘာ ၂၅ 
-
ရန်ကုန်မြို့အတွင်း ယာဉ်လမ်းကြော ထိန်းသိမ်းရေး စီမံခန့်ခွဲမှု လုပ်ငန်းများနှင့် အများ ပြည်သူ သွားလာမှု မထိခိုက်စေရန် ညပိုင်းတွင် ကေဘယ်ကြိုးမြှုပ်သည့် အလုပ်များကို အဓိကထား ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လုပ်ငန်း တည် ဆောက်ရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ 
-
''အခုလုပ်နေတာက Duct Fiber Optic Cable  ကို Control Center အထိ လိုင်းဆွဲနေတာ ဖြစ်ပါတယ်။ လမ်းကြောင်း တစ်လျှောက်မှာ နေ့ပိုင်းဆိုရင် အများပြည်သူ သွားလာမှု ထိခိုက် မှာစိုးတာကြောင့် အခုလို ညပိုင်း အချိန်တွေမှာ အပိုင်းလိုက် ဆောင်ရွက်နေတာ ဖြစ်ပါ တယ်''ဟု ၎င်းက ပြောသည်။ ထိုသို့ ကေဘယ်ကြိုးကို မြေအောက်တွင် မြှုပ်သည့်စနစ်ဖြင့် လုပ်ဆောင်နေပြီး မြို့လယ် ဧရိယာဖြစ်သော လမ်းမတော် မီးပွိုင့်ဘက်မှ မြို့မကျောင်းလမ်းတစ်လျှောက် ဖြတ်သန်းကာ အလုံလမ်းဘက်အထိ လုပ်ဆောင်နေခြင်းဖြစ်သည်။ ''လုပ်ကိုင်မယ့် လမ်းဧရိယာကို သတ်မှတ်ပြီး ဒီလမ်းတစ်လျှောက်ဆိုရင် ဘယ်နားကနေ ဘယ်နားအထိ နေရာသတ်မှတ်ပြီး ညပိုင်းမှာ အပြီးလုပ်တာဖြစ်ပါတယ်။ မနက်လင်းတာနဲ့ သတ်မှတ်တဲ့နေရာတွေမှာ လုပ်ငန်းက ပြီးနေပြီ။ အခုလို ညပိုင်းမှာ ဆောင်ရွက်ကြရတာက အများပြည်သူ သွားလာမှုကိုလည်း မထိခိုက်စေဘူး။ နေ့ခင်းပိုင်း ဆိုရင် ယာဉ်ကြောပိတ်ဆို့ တာတွေရှိနိုင်တာကြောင့် ညပိုင်းမှာပဲ အဓိကထား ဆောင်ရွက်ကြတာ ဖြစ်ပါတယ်။ 
-
ညပိုင်းကျ တော့ အလုပ်သမားတွေအနေနဲ့ အပူဒဏ်ခံရတာလည်း သက်သာတယ်။ နိုင်ငံတကာမှာလည်း အခုလို လုပ်ငန်းတွေကို ညပိုင်းမှာ အဓိက ထားပြီး လုပ်ဆောင်ကြတာပါ''ဟု ၄င်းကပြော သည်။ ထို့ပြင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယင်းကဲ့သို့သော ကေဘယ်ကြိုးမြှုပ်ခြင်း လုပ်ကိုင် သည့် လုပ်ငန်းများအပြင် ရေပိုက်လိုင်း ပြုပြင်ဆောင်ရွက်သည့် လုပ်ငန်းများ လုပ်ကိုင်ရာတွင် ညပိုင်း အချိန်များ၌သာ အဓိကထား လုပ်ဆောင်နေခြင်းဖြစ်သည်။ ထို့ပြင် သန့်ရှင်းရေး ဝန်ထမ်းများ အနေဖြင့်လည်း လမ်းမကြီးများ၊ ဘတ်စကားမှတ် တိုင်တစ် ဝိုက် အမှိုက်သိမ်းဆည်း ရှင်းလင်းခြင်း၊ ရေပက်ဖျန်း လုပ်ကိုင်ခြင်းများကို ညပိုင်းတွင် အဓိက ထားကာ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ 
-
ထက်ခိုင်(စမ်းချောင်း)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment