Pages

Wednesday, December 5, 2018

အင်းတော်ကြီး ဇီဝအဝန်းနယ်မြေရှိ စမ်းသပ် စိုက်ပျိုးနေသော သဘာဝ စပါးစိုက်ခင်းများ အော်ဂဲနစ် အသိအမှတ်ပြု လက်မှတ်ရရှိရေး ဆောင်ရွက်နေ

အင်းတော်ကြီး ဇီဝအဝန်းနယ်မြေရှိ စမ်းသပ် စိုက်ပျိုးနေသော သဘာဝ စပါးစိုက်ခင်းများ အော်ဂဲနစ် အသိအမှတ်ပြု လက်မှတ်ရရှိရေး ဆောင်ရွက်နေ
-
မိုးညှင်း  ဒီဇင်ဘာ  ၄ 
-
မြန်မာနိုင်ငံအတွင်း ထင်ရှားပြီး ယူနက်စကို အသိအမှတ်ပြု အင်းတော်ကြီး ဇီဝအဝန်း နယ်မြေအတွင်း စမ်းသပ်စိုက်ပျိုးနေသော သဘာဝစပါး စိုက်ခင်းများကို  အော်ဂဲနစ် အသိအမှတ်ပြု လက်မှတ်ရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း အပြည်ပြည်ဆိုင်ရာ တောရိုင်း တိရစ္ဆာန်နှင့် အပင်များအဖွဲ့  မြန်မာနိုင်ငံ အထက်ပိုင်း စီမံကိန်း တာဝန်ခံ ဦးငွေလွင် ထံမှ သိရသည်။
-
အဆိုပါ  သဘာဝ စပါးစိုက်ခင်းများကို အင်းတော်ကြီးဒေသရှိ  သဘာဝလယ်ယာ သီးနှံစိုက်ပျိုးရေး အသင်းသည် အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် အပင်များအဖွဲ့၊မြန်မာနိုင်ငံ အော်ဂဲနစ်စိုက်ပျိုး ထုတ်လုပ်သူများ အသင်းနှင့်  စိုက်ပျိုးရေး ဦးစီးဌာနတို့ အကူအညီဖြင့်  PGS အော်ဂဲနစ် လက်မှတ်ရရှိရေး ဆောင်ရွက်လျက်ရှိသည်။ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလတွင် တောင်သူပေါင်း ၇ဝ  စိုက်ပျိုးသည့် လယ်ဧက ၄ဝ ကို အော်ဂဲနစ် လက်မှတ်ရရှိစေရန် လုပ်ဆောင်ပေး မည်ဖြစ်ပြီး အဆိုပါ လက်မှတ်ရရှိပါက အင်းတော်ကြီးဒေသမှထွက်ရှိသော  သဘာဝစပါးများကို အင်းတော်ကြီးဒေသနှင့်  ကချင်ပြည်နယ်အတွင်း ဈေးကွက်ရရှိစေရန် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
-
စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေး ဌာနခွဲ စိုက်ပျိုးရေး ထွက်ကုန်များ ဓာတ်ခွဲခန်း၌  ယခုနှစ် အောက်တိုဘာလတွင် စပါးများကို  စမ်းသပ်စစ်ဆေးခဲ့ရာ စားသုံးသူများ အတွက် အန္တရာယ်ဖြစ်နိုင်သည့် အခြေအနေများ လုံးဝ မတွေ့ရှိရကြောင်း၊ ယင်းအတွက် အော်ဂဲနစ် အသိအမှတ်ပြု လက်မှတ်ထုတ်ပေး၍ ဈေးကွက်အတွင်း ရောင်းချနိုင်ရန်  စီစဉ်ရခြင်း ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment