Pages

Wednesday, December 5, 2018

လောပိတ ရေအားလျှပ်စစ် စက်ရုံသုံးခုမှ နိုင်ငံတစ်ဝန်းသို့ ဓာတ်အား ၂၄၈ မဂ္ဂါဝပ် ထုတ်လုပ် ဖြန့်ဖြူးပေးနေ

လောပိတ ရေအားလျှပ်စစ် စက်ရုံသုံးခုမှ နိုင်ငံတစ်ဝန်းသို့ ဓာတ်အား ၂၄၈  မဂ္ဂါဝပ် ထုတ်လုပ် ဖြန့်ဖြူးပေးနေ
-
လွိုင်ကော်  ဒီဇင်ဘာ   ၎
-
ကယားပြည်နယ် လွိုင်ကော်မြို့နယ်ရှိ လောပိတအမှတ်(၁)၊  အမှတ်(၂)  နှင့် အမှတ်(၃)  ရေအားလျှပ်စစ်စက်ရုံတို့မှ စုစုပေါင်း တပ်ဆင်စက်အင်အား ၂၄၈  မဂ္ဂါဝပ်ဖြင့် နှစ်စဉ်ကီလိုဝပ် နာရီသန်းပေါင်း ၁၇၂၄ ထုတ်လုပ်၍    မြန်မာနိုင်ငံ တစ်ဝန်းသို့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးလျက် ရှိကြောင်း  လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်စွမ်းအား ထုတ်လုပ်ရေးလုပ်ငန်း ဘီလူးချောင်း အမှတ်(၂) စက်ရုံ  လောပိတ  ဒုတိယစက်ရုံမှူး ဦးအောင်နိုင်ဝင်း ထံမှ သိရသည်။
-
''ဘီလူးချောင်း လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေက နိုင်ငံတော် ဓာတ်အားပေးစနစ်နဲ့ ချိတ်ဆက်ထားပြီး  အမှတ် (၁) စက်ရုံနဲ့ အမှတ် (၃) စက်ရုံကနေ ထွက်ရှိလာတဲ့ ဓာတ်အားတွေကို အမှတ် (၂)ဓာတ်အားပေး စက်ရုံကိုစုပြီး ပို့ဆောင်ပေးပါတယ်။ အမှတ်(၂) စက်ရုံက ဓာတ်အားတွေနဲ့ ပေါင်းစည်းပြီး ၂၃ဝ ကီလိုဝပ်ဓာတ်အားလိုင်း တစ်လိုင်းနဲ့ တောင်ငူဓာတ်အားခွဲရုံကနေ တစ်ဆင့် ရန်ကုန်မြို့နဲ့ မြန်မာနိုင်ငံ တောင်ပိုင်းကို ပို့တယ်။ ၁၃၂  ကီလိုဝပ် ဓာတ်အားလိုင်း နှစ်လိုင်းနဲ့ တီကျစ်ကလော ဓာတ်အားခွဲရုံကနေ တစ်ဆင့် မန္တလေးမြို့နဲ့  မြန်မာနိုင်ငံ မြောက်ပိုင်းကို ပို့တယ်။ ၁၃၂ ကီလိုဝပ် ဓာတ်အားလိုင်း နှစ်လိုင်းနဲ့ လွိုင်ကော်ဓာတ်အား ခွဲရုံကနေတစ်ဆင့်  လွိုင်ကော်နဲ့ ကယားပြည်နယ်မှာရှိတဲ့ ဒေသတွေကို ဓာတ်အား ဖြန့်ဖြူးပေးနေပါတယ်'' ဟု  ဦးအောင်နိုင်ဝင်း ကပြောသည်။
-
မြန်မာနိုင်ငံ၌ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တည်ဆောက်လျက်ရှိရာ ဓာတ်အားပေး စက်ရုံစီမံကိန်းများ သတ်မှတ်ထားသည့် အချိန်အတွင်း ပြီးစီးပါက ၂ဝ၂ဝ ပြည့်နှစ်တွင် လိုအပ်သည့် မဂ္ဂါဝပ်ထက်ပိုပြီး ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
-
ယခုနှစ်တွင် ဓာတ်အား လိုအပ်ချက်မှာ ၂၂၉ မဂ္ဂါဝပ်ဖြစ်ပြီး Plan အရ ပြီးစီးနိုင်မည့် ဓာတ်အားသည် ၂၂ဝ မဂ္ဂါဝပ်ဖြစ်ကြောင်း၊ ၂ဝ၁၉ ခုနှစ်တွင်လည်း လိုအပ်သည့် လျှပ်စစ် ဓာတ်အားမှာ ၄ ဒသမ ၆ မဂ္ဂါဝပ်ဖြစ်ကြောင်း၊ ၂ဝ၂ဝ ပြည့်နှစ်တွင် လိုအပ်သည့် ဓာတ်အား ပမာဏမှာ ၅ဝ၃ ဒသမ ၆ မဂ္ဂါဝပ်၊ Plan အရ ပြီးစီးနိုင်မည့် ဓာတ်အားသည် ၇၃၇ မဂ္ဂါဝပ်ဖြစ်ပြီး လိုအပ်ချက်ထက်ပိုပြီး ၂၃၃ ဒသမ ၄ မဂ္ဂါဝပ်ပိုမည်ဟု ခန့်မှန်းထားသည့်အတွက် ၂ဝ၂၁ ခုနှစ်တွင်လည်း  လိုအပ်ချက်ထက် ပိုမိုထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment