Pages

Friday, December 28, 2018

(၂၅) ကြိမ်မြောက် ဓမ္မဒူတယဉ်ကျေးလိမ္မာ ကလေးတရားစခန်း ဒုတိယအသုတ် ဖွင့်လှစ်

(၂၅) ကြိမ်မြောက် ဓမ္မဒူတယဉ်ကျေးလိမ္မာ ကလေးတရားစခန်း ဒုတိယအသုတ် ဖွင့်လှစ်
-
ရန်ကုန်   ဒီဇင်ဘာ   ၂၇ 
-
(၂၅) ကြိမ်မြောက် ဓမ္မဒူတ ယဉ်ကျေးလိမ္မာ ကလေးတရားစခန်းကို ဒုတိယအသုတ်အဖြစ် သတ္တမတန်းနှင့် အဋ္ဌမတန်း ကလေးများအတွက် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် အောက်ဝါးနက်‌ချောင်းရှိ ဓမ္မဒူတ‌ဆေကိန္ဒာရာမ‌ ကျောင်းတိုက်၌ ‌ယနေ့တွင် ဖွင့်လှစ်ကြောင်း သိရသည်။ 
-
အဆိုပါ   တရားစခန်းကို   ကျောင်းအိပ်ကျောင်းစားဖြင့်  နှစ်ညအိပ်သုံးရက် ဖွင့်လှစ်ခြင်းဖြစ်ပြီး အတန်းတစ်တန်းလျှင် ကျောင်းသား၊ ကျောင်းသူပျမ်းမျှ ၂ဝဝဝ နှုန်းသတ်မှတ်ထားသည်။ ''လောလောဆယ် ဘယ်နှဦးဆိုတာ ပြောလို့မရသေးဘူး။ အခုမှစာရင်း လုပ်နေတုန်းပါ။ တချို့က စာရင်းသွင်းထားပြီး လာဖို့အဆင်မပြေလို့ မတက်ရောက်နိုင်သူတွေလည်း ရှိပါတယ်'' ဟု စာရင်းသွင်းလက်ခံသူ အကျိုးတော်ဆောင်တစ်ဦးက ပြောသည်။ (၂၅) ကြိမ်မြောက် ဓမ္မဒူတယဉ်ကျေးလိမ္မာ ကလေးတရားစခန်းကို ဒီဇင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိ  ပထမအသုတ်အဖြစ် ဖွင့်လှစ်ပြီး တက္ကသိုလ် ဝင်တန်းအောင်နှင့် တက္ကသိုလ်တက်ဆဲ(အသက် ၁၆ နှစ်မှ ၂၅နှစ်အထိ) ကျောင်းသား၊ ကျောင်းသူများ  တက်ရောက်ကြသည်။ 
-
ဒုတိယအသုတ် ဖွင့်လှစ်ပြီးပါက  ဒီဇင်ဘာ ၃ဝ ရက်မှ ဇန်နဝါရီ ၁ ရက်အထိ ပဉ္စမတန်းနှင့် ဆဋ္ဌမတန်းကျောင်းသား၊ ကျောင်းသူများအတွက် တတိယအသုတ် ဖွင့်လှစ်မည်ဖြစ်ပြီး  ဇန်နဝါရီ ၂ ရက်မှ ၄ ရက်အထိ  တတိယတန်းနှင့် စတုတ္ထတန်းကျောင်းသား၊ ကျောင်းသူများအတွက်  စတုတ္ထအသုတ်အဖြစ်  ဖွင့်လှစ်မည်ဖြစ်သည်။ 
-
ယဉ်ကျေးလိမ္မာ တရားစခန်းအတွက် စာရင်းသွင်းလက်ခံမှုကို ဒီဇင်ဘာ ၇ ရက်မှ ၁ဝ ရက်အထိ သတ်မှတ်ထားကာ အွန်လိုင်းစနစ်ဖြင့်   လျှောက်ထား ခွင့်ပြုထားကြောင်း သိရသည်။ ''ယဉ်ကျေးလိမ္မာသင်တန်းတက်ရဖို့ ခက်ခဲပါတယ်။ ဒီနှစ်ကံကောင်းတာကြောင့် တက်ခွင့်ရခဲ့တယ်။ ဘုန်းဘုန်းရဲ့ မေတ္တာရိပ်အောက်မှာ ခိုလှုံပြီး လိမ္မာယဉ်ကျေး လာမှာပါ'' ဟု  တက်ရောက်ခွင့်ရသည့် ကျောင်းသူတစ်ဦး၏ မိခင်ဒေါ်လှသိန်းက ပြောသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment