Pages

Thursday, December 27, 2018

ချင်းတွင်းမြစ်အတွင်း ပြေးဆွဲလျက်ရှိသော လူစီး အမြန်ရေယာဉ်များတွင် အမှိုက်ပုံးများ တပ်ဆင် အသုံးပြုရေး စီစဉ်လျက်ရှိ

-
မုံရွာ ဒီဇင်ဘာ ၂၆ 
-
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှ  ခန္တီးမြို့အထိ  ပြေးဆွဲလျက်ရှိသော လူစီးအမြန် ရေယာဉ်များ၌ အမှိုက်ပုံးများ တပ်ဆင်အသုံးပြုရေး စီစဉ်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဦးစီးမှူး၏ ပြောကြားချက်အရ သိရသည်။ လူစီးအမြန်ရေယာဉ်များ ပြေးဆွဲရာတွင် လမ်းခရီးတစ်လျှောက် ခရီးသည်များ အနေဖြင့် မိမိအသုံးပြုသည့် အမှိုက်များကို ချင်းတွင်းမြစ်အတွင်းသို့ မစွန့်ပစ်ဘဲ အမှိုက်ပုံးတွင် စနစ်တကျစွန့်ပစ်ခြင်းဖြင့် ချင်းတွင်းမြစ်ကြီး ရေရှည်တည်တံ့ပြီး ရေထုညစ်ညမ်းမှုနှင့် ချင်းတွင်းမြစ်ကြီး၏ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို ကာကွယ်နိုင်ရန် စီစဉ်ခြင်းဖြစ်ကာ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလအတွင်း ထားရှိပေးနိုင်ရေး စီစဉ်လျက် ရှိကြောင်း သိရသည်။ 
-
ရေယာဉ်များတွင် အမှိုက်ပုံးများထားရှိပြီး အမှိုက်များ စနစ်တကျ စွန့်ပစ်နိုင်ရေးကို ၂ဝ၁၇ ခုနှစ်အတွင်းက စတင်လုပ်ဆောင်ခဲ့သော်လည်း ရေယာဉ်များ အနေဖြင့် ဝယ်ယူ အသုံးပြုသောအမှိုက်ပုံးများ သေးနေ၍ အမှိုက်စွန့်ပစ်ရန်မလုံလောက်ခြင်းကြောင့် အမှိုက်ပုံးအကြီးများဖြင့် ပြောင်းလဲအသုံးပြုရေး အတွက် စီစဉ်ပေးခြင်းဖြစ်သည်။ ''ချင်းတွင်းမြစ်အတွင်း  သွားလာနေတဲ့ ကုန်တင်ရေယာဉ်တွေ၊ လူစီးအမြန် ရေယာဉ်တွေ၊ ပက်လက်တွဲတွေ အမှိုက်စွန့်ပစ်မှု အနေနဲ့ ရေယာဉ်တိုင်းမှာတော့ အမှိုက်ပုံးတွေ တင်ခိုင်းထားတယ်။ 
-
အထူးသဖြင့် လူစီးအမြန် ရေယာဉ်တွေမှာပါ မြစ်အတွင်းကို အမှိုက်တွေမစွန့်ပစ်အောင်လို့ ဌာနအနေနဲ့ကလည်း အမြန်ရေယာဉ် အသင်းတွေနဲ့ ခေါ်ယူညှိနှိုင်းပြီး အမှိုက်ပုံးတွေကို သတ်မှတ်ဈေးနှုန်းအတိုင်း ဝယ်ယူပြီး တင်ပေးမယ်။  ရေယာဉ်တွေပေါ်က  စွန့်ပစ်အမှိုက်တွေကို ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်မှာရှိတဲ့ မြို့တွေက ဆိပ်ကမ်းတွေ ရောက်ရင် စည်ပင်သာယာရေး အဖွဲ့တွေရဲ့ အမှိုက်ပုံးကြီးတွေ ရှိတယ်။ အဲဒီမှာ စွန့်ပစ်ဖို့ ရေယာဉ်ဝန်ထမ်းတွေကို အသိပညာပေးထားသလို အမှိုက်ကို ရေထဲမစွန့်ပစ်ဘဲ သတ်မှတ် အမှိုက်ပုံးထဲမှာ စွန့်ပစ်ရေး၊  ခရီးစဉ်မထွက်ခင်  ရေယာဉ် စစ်ဆေးမှုတွေလုပ်တဲ့ အချိန်မှာ ခရီးသည်တွေကို အသိပညာပေးတာတွေ လုပ်နေတယ်။ 
-
အမြန်ရေယာဉ် တစ်စင်းကို အမှိုက်ပုံးကြီးတစ်ပုံးတင်ပေးဖို့ အခုလောလောဆယ် စီစဉ်နေပါတယ်။နောက်ပိုင်းမှာတော့ ရေယာဉ်အရှေ့ပိုင်းမှာ တစ်ပုံးနဲ့   အနောက်ပိုင်းမှာတစ်ပုံး တင်ပေးနိုင်အောင်စီစဉ်မှာပါ''ဟု စစ်ကိုင်းတိုင်းဒေသကြီး   ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန  ဦးစီးမှူးက ပြောသည်။ ပြည်တွင်းရေကြောင်းသွား ရေယာဉ်ဥပဒေပုဒ်မ(၃၄)တွင် ရေထုပတ်ဝန်းကျင် ညစ်ညမ်းမှု မဖြစ်စေရန်အန္တရာယ်ဖြစ်စေသော  ဓာတုပစ္စည်းကိုဖြစ်စေ၊ ရေနံ သို့မဟုတ် ရေနံရောထားသော ပစ္စည်းကိုဖြစ်စေ၊ အခြားအရာဝတ္ထုကိုဖြစ်စေ ပြည်တွင်းရေကြောင်း အတွင်းသို့ စွန့်ပစ်ခြင်းမပြုရဟု ပြဋ္ဌာန်းထားပြီး ထိုသို့ဖောက်ဖျက် ကျူးလွန်ပါက အပိုဒ်(၄၄)တွင် ပုဒ်မ(၃၄)ပါတားမြစ်ချက် တစ်ရပ်ရပ်ကို   ဖောက်ဖျက်ကြောင်း  ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင်  ထောင်ဒဏ်(၂)နှစ်ဖြစ်စေ၊ ငွေဒဏ်အနည်းဆုံး ငါးသိန်းမှ ၂၅သိန်းအထိဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြပါရှိကြောင်း သိရသည်။ 
-
ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်  အထက်အောက်စုန်ဆန် ပြေးဆွဲလျက်ရှိသော ရေယာဉ်များအပေါ်မှ နေ့စဉ် လူတို့အသုံးပြုပြီးသော ပလတ်စတစ် အိတ်ခွံများ၊ ဖော့ထမင်းဘူးများ၊ ရေသန့်ဘူးခွံများကို ချင်းတွင်းမြစ် အတွင်း အများဆုံးစွန့်ပစ်ခြင်း ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment