Pages

Thursday, November 8, 2018

ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ ပြည်သူ့ဝန်ဆောင်မှုရုံးများ အကောင်အထည်ဖော်နိုင်မှု ဆု၊ စွမ်းဆောင်ရည် ဆုချီး မြှင့်ပွဲနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြား

ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ ပြည်သူ့ဝန်ဆောင်မှုရုံးများ အကောင်အထည်ဖော်နိုင်မှု ဆု၊ စွမ်းဆောင်ရည် ဆုချီး မြှင့်ပွဲနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြား
နေပြည်တော်  နိုဝင်ဘာ  ၇ 
-
ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့အခမ်းအနား ကို ယနေ့ည ၆ နာရီခွဲတွင် နေပြည်တော်ရှိ Hotel MAX ၌ကျင်းပရာ တိုင်းရင်းသားရေးရာ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာ ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ တက်ရောက် အမှာစကားပြောကြားသည်။
-
အခမ်းအနားသို့ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူနှင့်ဇနီး ဒေါက်တာ ရွှေလွှမ်း၊  ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြ သည့် ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးကျော်တင့်ဆွေနှင့် ဦးကျော်တင်၊ ပြည်ထောင်စု ရှေ့နေချုပ်   ဦးထွန်းထွန်းဦး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့်  ဗိုလ်ချုပ် အောင်သူ၊  ဗိုလ်ချုပ်မြင့်နွယ်၊ ဦးခင်မောင်တင်၊   ဦးလှမော်ဦးနှင့် ၎င်းတို့၏ ဇနီးများ၊ နေပြည်တော် ကောင်စီဝင်များ၊  အမြဲတမ်းအတွင်းဝန်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တပ်ဖွဲ့နှင့် ဦးစီးဌာနများမှ အရာထမ်း၊  အမှုထမ်းများ၊ ဖိတ်ကြား ထား သည့် ဧည့်သည် တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
-
အခမ်းအနားတွင်   ဒုတိယသမ္မတက အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသည် ရှည်လျားသည့် သမိုင်းတစ်လျှောက် ခေတ်စနစ် များနှင့်မူဝါဒများ မည်သို့ပြောင်းလဲသည်ဖြစ်စေ သက်ဆိုင်ရာ အစိုးရအဖွဲ့များ၏ ဦးဆောင်မှု နှင့်အညီ   အုပ်ချုပ်ရေး လုပ်ငန်းစဉ်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက် ပေးခဲ့ကြောင်း။
-
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအဖြစ်  ပြန်လည်ဖွဲ့စည်းကြောင်း ကြေညာခဲ့သည့် ၁၉၈၈ ခုနှစ် နိုဝင်ဘာ ၇ ရက်ကို  ဌာန နှစ်ပတ်လည်နေ့အဖြစ် သတ်မှတ်ခဲ့ရာ ယနေ့ဆိုလျှင် အကြိမ် (၃ဝ)ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး အထွေထွေ အုပ်ချုပ်ရေး တာဝန်များကို ထမ်းရွက်ခဲ့သည့်  သက်တမ်းကာလမှာ နှစ်ပေါင်း ၁ဝဝ ကျော်တိုင် ခဲ့ပြီဖြစ်ကြောင်း။
-
နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ငြိမ်းချမ်းရေးကို  ဦးစွာ ခိုင်မာအောင်တည် ဆောက်ရမည်ဖြစ်ပြီး   ငြိမ်းချမ်းရေး ရရှိမှသာ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးကို  တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး မတည် ဆောက်နိုင်လျှင်  တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည် မဟုတ် ကြောင်း၊  ငြိမ်းချမ်းရေး တည်ဆောက်ရေးအတွက် အမျိုးသား ရင်ကြားစေ့ရေး တစ်နည်းအားဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေး စိတ်ဓာတ်ကိုအခြေခံ၍  ယုံကြည်မှုတည်ဆောက်ကြရမည်ဖြစ်ကြောင်း။ 
-
ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် လယ် ယာမြေနှင့်အခြားမြေများ  သိမ်းဆည်းခံရမှု ကြောင့် ပြည်သူများနစ်နာမှု မရှိစေရေး အတွက် ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာ ဝန်ကြီး ဌာနများ၊ ကုမ္ပဏီများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ မှ ပြန်လည်စွန့်လွှတ်သည့်လယ်ယာမြေများ  ကိုမူလအစစ်အမှန်တောင်သူများသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ  အမြန်ပေး အပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။
-
 အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်း များသည်  လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ  ပြန်လည် စိစစ်ရေး ကော်မတီ အဆင့်ဆင့်တွင်  ပါဝင်ဆောင်ရွက်နေကြ သည်ဖြစ်သည့်အတွက် သိမ်းဆည်းခံလယ်ယာ  မြေပြ ဿနာ များကို  တည်ဆဲဥပဒေများနှင့် အညီ တရားမျှတမှုရရှိအောင် စေတနာ၊ ကရု ဏာနှင့် ကိုယ်ချင်းစာစိတ် အရင်းခံ၍ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ကိုင်တွယ်ဖြေရှင်းဆုံးဖြတ် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ အုပ် ချုပ်ရေး ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့်  အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက် ရာတွင်ဖြစ်စေ၊ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများ ကိုအကောင်အထည်ဖော်ရာတွင်ဖြစ်စေ နိုင်ငံသားများ၏ မူလအခွင့်အရေးများကို ပိတ်ပင် သလို မဖြစ်စေဘဲ အဆိုပါအခွင့်အရေးများကို နည်းမှန်လမ်းမှန်ဖြင့် ပြည်ထောင်စု၏အကျိုး စီးပွား၊ လူမှုအဖွဲ့ အစည်း များ၏ အကျိုးစီးပွား များကိုမထိခိုက်စေဘဲကျင့်သုံးနိုင်ရေးနှင့် ကူညီ ထိန်းကျောင်းပေးရေးအတွက်သာ ရည်ရွယ် လုပ်ဆောင်ရန်လိုအပ်ကြောင်း။
-
ထို့ပြင် ပြည်သူများ၏ အခြေခံလိုအပ်ချက် များကိုဖြည့်ဆည်းဆောင်ရွက်ရာတွင် အဆင် ပြေချောမွေ့စေသည့် ဝန်ဆောင် မှုများ ဆောင် ရွက်ပေးနိုင်ရေး၊  လာဘ်ပေးလာဘ်ယူမှုနှင့် အဂတိလိုက်စားမှုများကိုတားမြစ်ပြီး ထိရောက် သည့်ဝန်ဆောင်မှုအလေ့အကျင့်များကို ပြုစုပျိုး ထောင်ပေးရေး၊  ပြည်သူများက အစိုးရနှင့် ဌာနဆိုင်ရာများအပေါ်  အားကိုး ယုံကြည်မှု တိုး ပွားလာစေရေးနှင့် တာဝန်ထမ်းဆောင်လျက် ရှိနေကြသည့် ဝန်ထမ်းများနှင့် ဦးစီးဌာနများအလိုက် အပြန်အလှန်ထိန်းကျောင်းမှုများပြု နိုင်ရေးကိုရည်ရွယ်၍ ပြည်သူ့အတွက် OSS ဆိုသည့် ဆောင်ပုဒ်နှင့်အညီ  နိုင်ငံ တစ်ဝန်းလုံးတွင် ရှိသည့်မြို့နယ်များတွင် ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Shops) ၃၁၆ ရုံးကို ဖွင့်လှစ် ပေး ခဲ့ပြီးဖြစ်ကြောင်း။
-
ယခုကဲ့သို့ စုပေါင်းပါဝင် ထမ်းဆောင်မှုပုံစံ ဖြင့် ပြည်သူများကို ဝန်ဆောင်မှုပေးခြင်းသည် ပြည်သူလူထုနှင့် ဝန်ထမ်းများအကြား နားလည် ယုံကြည်မှုတိုးတက် ခိုင်မာလာစေမည့်  အခွင့်အလမ်း တစ်ခုဖြစ်သည့်အတွက်  ပြည်သူ များ အားကိုး ယုံကြည် ရသည့် ဝန်ထမ်းကောင်းများ ဖြစ်လာစေရန် မိမိတို့ တတ်စွမ်းသမျှ ကြိုးပမ်း ဆောင်ရွက် သွားကြပါဟု တိုက်တွန်း ပြောကြား လိုကြောင်း။
-
အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် တာဝန် ထမ်းဆောင်လျက်ရှိကြသည့်  အရာထမ်း၊ အမှုထမ်းအားလုံးသည်  အုပ်ချုပ်ရေး ယန္တရား စနစ်တကျလည်ပတ်နိုင်ရေးစီမံခန့်ခွဲခြင်းဖြင့် ရပ်ရွာအေးချမ်းသာယာ၍ လူနေမှုဘဝဖွံ့ဖြိုး တိုးတက်စေရေးဟူသည့်  ဌာန၏မျှော်မှန်းချက် ကို အကောင်အထည်ဖော်ဆောင်ရွက်သည့်နေ ရာတွင် လုပ်ငန်းနယ်ပယ်အလိုက် တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်သိမှု၊ တာဝန်ရှိမှုဟူသည့်  ဒီမိုကရေစီစံနှုန်းများနှင့်အညီ ပေးအပ်သည့် လုပ်ငန်းတာဝန်များကို စွမ်းစွမ်းတမံဆောင်ရွက် ကြရမည်ဖြစ်ကြောင်း။
-
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရသည့်  ဌာနဖြစ်သည့်အပြင် တိုင်းဒေ သကြီး / ပြည်နယ်/ ခရိုင်နှင့်  မြို့နယ်များအတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အခြား ဦးစီး ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ပေးရသည့် ဌာနဖြစ်သည့်အတွက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများသည် စံနမူနာပြဝန်ထမ်းများဖြစ်စေရန် စဉ်ဆက်မပြတ် ကြိုးစားလေ့ကျင့် တည်ဆောက်နေကြ  ရမည်ဖြစ်ကြောင်း၊ တရားဥပဒေ၏ ကာကွယ်စောင့်ရှောက်မှုအောက်တွင်  ပြည်သူများ အေးချမ်းစွာနေထိုင်လုပ် ကိုင် စားသောက်နိုင် မည်ဆိုပါက အုပ်ချုပ်ရေးယန္တရားကို ပိုမိုယုံ ကြည်အားကိုးလာကြမည်ဖြစ်ကြောင်း။
-
တည်ဆဲဥပဒေများနှင့်အညီ ပြည်သူများ၏ဆန္ဒနှင့်လိုအပ်ချက်များကို အတတ်နိုင်ဆုံး  ဖြည့်ဆည်း ဆောင် ရွက်ပေးကြပါ၊ ပြည်သူလူထု ကို ကိုယ်ချင်းစာတရားနှင့်ရိုင်းပင်းကူညီဆောင် ရွက်သွားကြပြီး  အရည်အသွေးပြည့်ဝ သည့်  ပြည်သူ့ဝန်ထမ်းကောင်း များဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြပါဟု တိုက်တွန်းလိုကြောင်း။
-
ပေးအပ်သည့်တာဝန်များကို ကိုယ်စီထမ်း ဆောင်နေကြခြင်းဖြစ်သည့်အတွက်  အဖွဲ့အစည်းကို ထိခိုက်ပျက်စီး၊ သွေးကွဲစေ နိုင်သည့် ပြုမူပြောဆို  နေထိုင်ဆောင်ရွက်မှုများကို ရှောင်ကြဉ်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီး  ဌာန၏ အစဉ်အလာကောင်းများကို ဆက်လက် ထိန်းသိမ်းရင်းနိုင်ငံတော်နှင့် ပြည်သူ လူထုက အားထားရသည့်  အုပ်ချုပ်ရေး ဌာန ကြီးတစ်ခုအဖြစ် ဆက်လက်ရပ်တည်သွားနိုင်အောင် စိတ်ဓာတ်ခွန်အားသစ်များမွေးမြူပြီး  ပြည်သူနှင့်အတူ     စုပေါင်းအင်အားဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားကြပါဟု  မှာကြားလိုကြောင်းပြောကြားပြီး ပြည်သူ့ ဝန်ဆောင် မှုရုံးများမှ အကောင်း ဆုံးဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ပေး နိုင်သည့် ရုံးလေးရုံးကို ဂုဏ်ပြု ဆုများ ပေးအပ် ချီးမြှင့်သည်။
-
ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ က   ပြည်သူ့ဝန်ဆောင်မှုရုံး အထိမ်းအမှတ် Logo ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိကြသူများကိုလည်းကောင်း၊ နယ်စပ် ရေးရာ ဝန်ကြီး ဌာန  ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်က ၂ဝ၁၆ ခုနှစ် အတွင်း ရှမ်းပြည်နယ် မူဆယ်ခရိုင် မူဆယ် မြို့နယ်   မုံးကိုးမြို့နှင့် ပန်ဆိုင်း(ကြူကုတ်)မြို့တို့ကို  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများက ဝင်ရောက် ပစ်ခတ် သည့်ဖြစ်စဉ်တွင် ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်  မိသားစုများအား ထိရောက်စွာ ကူညီဆောင် ရွက်ခဲ့သည့် စီမံခန့်ခွဲမှုထူးချွန်သော မြို့နယ်အုပ်ချုပ်ရေးမှူးများကိုလည်းကောင်း၊ နိုင်ငံ တော်အတိုင် ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန  အုပ်ချုပ်ရေး ပညာဖွံ့ဖြိုးမှု သင်တန်းကျောင်း(မင်္ဂလာဒုံ)တွင်   ဖွင့်လှစ်သော စီမံခန့်ခွဲရေးဝန်ထမ်း အဆင့်(၂) လုပ်ငန်း ခွင်ဝင် သင်တန်း အမှတ်စဉ်  (၁/၂ဝ၁၈)တွင် ထူးချွန်ဆု ရရှိကြသူများကို လည်းကောင်း၊  အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က  ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး/ဦးစီး အရာရှိများ လုပ်ငန်း စွမ်းဆောင်ရည်မြင့်မား ရေးသင်တန်း အမှတ်စဉ်(၁/၂ဝ၁၈)နှင့် ဗဟိုဝန်ထမ်းတက္ကသိုလ်၌ဖွင့်လှစ်သည့်  စာရေး ဝန်ထမ်းအခြေခံ သင်တန်းတွင်   ထူးချွန်ဆု ရရှိသူများကိုလည်းကောင်း၊  ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်း ထွန်း ဦးက အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးပညာ ဖွံ့ဖြိုးမှုသင်တန်းကျောင်း(မင်္ဂလာဒုံ)တွင် ဖွင့်လှစ် သော စီမံခန့်ခွဲရေး ဝန်ထမ်းအဆင့်(၂) လုပ်ငန်းအကြိုသင်တန်းအမှတ်စဉ်(၄/၂ဝ၁၇)တွင် ထူးချွန်ဆုရရှိကြသူများကို လည်းကောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန  အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်း ကျောင်း(မင်္ဂလာဒုံ)တွင်  ဖွင့်လှစ်သော စီမံခန့်ခွဲရေး ဝန်ထမ်း အဆင့်(၂)လုပ်ငန်း အကြို သင်တန်းအမှတ်စဉ် (၅/၂ဝ၁၇)တွင် ထူးချွန်ဆုရရှိကြသူများနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေး ပညာဖွံ့ဖြိုးမှုသင်တန်းကျောင်း (မင်္ဂလာဒုံ)တွင်ဖွင့်လှစ်သော စီမံခန့်ခွဲရေး ဝန်ထမ်း အဆင့်(၁) လုပ်ငန်းခွင်ဝင် သင်တန်းအမှတ်စဉ်(၁/၂ဝ၁၈)တွင် ထူးချွန် ဆုရရှိကြသူများကိုလည်းကောင်း  ဂုဏ်ပြုဆု များ အသီးသီး ပေးအပ် ချီးမြှင့်ကြသည်။
-
ယင်းနောက်  ပြည်ထဲရေး ဝန်ကြီးဌာန အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ နှစ်ပတ်လည် နေ့အထိမ်းအမှတ်ညစာဖြင့် တည်ခင်းဧည့်ခံပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ယဉ်ကျေးမှု အကများဖြင့် ဖျော်ဖြေကြသည်။ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေက ဖျော်ဖြေရေးအဖွဲ့ဝင်များအား ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်သည်။ 
-
ယင်းနောက်  ဒုတိယသမ္မတ  ဦးဟင်နရီ ဗန်ထီးယူနှင့်ဇနီး  ဒေါက်တာရွှေလွှမ်းတို့က ဖျော်ဖြေရေးအဖွဲ့ဝင်များအား  ဂုဏ်ပြု ပန်းခြင်း ပေးအပ်ချီးမြှင့်သည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment