Pages

Wednesday, November 28, 2018

ငပလီကမ်းခြေ၌ နိုင်ငံခြား ခရီးသွား ဧည့်သည်များ အတွက် လုံခြုံရေး တိုးမြှင့်ဆောင်ရွက် ပေးနိုင်ရန် စီစဉ်

ငပလီကမ်းခြေ၌ နိုင်ငံခြား ခရီးသွား ဧည့်သည်များ အတွက် လုံခြုံရေး တိုးမြှင့်ဆောင်ရွက် ပေးနိုင်ရန် စီစဉ်
-
သံတွဲ  နိုဝင်ဘာ  ၂၇ 
-
ရခိုင်ပြည်နယ် သံတွဲမြို့ရှိ ငပလီကမ်းခြေသို့ လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားခရီးသွား ဧည့်သည်များအတွက် လုံခြုံရေးဆိုင်ရာစနစ်များ တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန် စီစဉ်နေကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမောင်မောင်ထံမှ သိရသည်။
-
''လတ်တလောမှာတော့ နိုင်ငံခြားခရီးသွား ဧည့်သည်တွေကို စောင့်ရှောက်ပေးတဲ့ ရဲဝန်ထမ်းအင်အားက နည်းပါးနေသေးတယ်။ဒါကြောင့်လည်း  လိုအပ်တဲ့ကူညီမှုတွေ  လုပ်ဆောင်ပေးနိုင်အောင် ရဲတပ်ဖွဲ့ဝင်တွေ တိုးပြီးတာဝန်ချ ထားဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်''ဟု  ဦးဝင်းမောင်မောင်ကပြောသည်။
-
ငပလီကမ်းခြေသို့ အပန်းဖြေ လာရောက်သည့်  နိုင်ငံခြားခရီးသွား ဧည့်သည်များကို လတ်တလောတွင် ခရီးသွားလုပ်ငန်း ဆိုင်ရာ လုံခြုံရေး ရဲတပ်ဖွဲ့ဝင် ငါးဦးခန့်ကသာ တာဝန်ယူစောင့်ရှောက်နေပြီး ယင်းပမာဏမှာ နည်းပါးနေသေးသည့်အတွက်   တိုးမြှင့်ချထားနိုင်ရန် လိုအပ်သောတင်ပြမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
-
''ရဲအင်အားအရ ထပ်ပြီးတော့ မချထားပေးနိုင်ရင်တောင်မှ နယ်မြေခံ တပ်ဖွဲ့ဝင်တွေထဲက တာဝန်ခွဲဝေပြီးတော့ Tourist လုပ်ငန်းအတွက် လိုအပ်တဲ့ လေ့ကျင့်သင်ကြားမှုတွေကို လုပ်ဆောင်ပေးပြီး  ပူးတွဲထမ်းဆောင်ကြမယ်ဆိုရင်  အဆင်ပြေစေမှာပါ''ဟု ဦးဝင်းမောင်မောင် ကပြောသည်။
-
ငပလီကမ်းခြေ၌   လတ်တလောတွင်  Tourist Police ငါးဦး၊ လေဆိပ်လုံခြုံရေး ရဲတပ်ဖွဲ့ ၁၈ ဦး၊ နယ်မြေခံရဲတပ်ဖွဲ့ ၇ဝ ဦးတို့မှ လုံခြုံရေးဆိုင်ရာ တာဝန်များ ထမ်းဆောင်လျက် ရှိကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment