Pages

Wednesday, November 28, 2018

မုံရွာမြို့ ၌ ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေး လှုပ်ရှားမှုဆောင်ရွက်

မုံရွာမြို့ ၌ ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေး လှုပ်ရှားမှုဆောင်ရွက်
-
မုံရွာ နိုဝင်ဘာ ၂၇ 
-
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ယမန်နေ့ နံနက် ပိုင်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လှုပ်ရှားမှုများ ဆောင်ရွက်ကြောင်း သိရသည်။
-
ထိုသို့ ဆောင်ရွက်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးနှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံယာဉ်လမ်း အန္တရာယ် ကင်းရှင်းရေးအဖွဲ့၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင် များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီး ယာဉ်လမ်း အန္တရာယ်ကင်းရှင်းရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက မုံရွာမြို့ ဗိုလ်ချုပ် အောင်ဆန်း လမ်းတစ်လျှောက် ပြည်သူ့ဆေးရုံကြီးရှေ့၊ ယွန်းကျောင်းရှေ့နှင့် HONDA SHOW ROOM ရှေ့တို့၌ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်တို့ဖြင့် ဖြတ်သန်းသွားလာနေ သော ပြည်သူများအား မြန်မာနိုင်ငံ ယာဉ်လမ်း အန္တရာယ်ကင်းရှင်းရေးအဖွဲ့မှ ထုတ်ဝေသည့် ယာဉ်ပေါ်ပါရှိသူအားလုံး ထိုင်ခုံခါးပတ်ကို အမြဲတစေ စနစ်တကျ ပတ်ထားရမည်။ ယာဉ်မောင်း စဉ် လက်ကိုင်ဖုန်း လုံးဝအသုံးမပြုပါနှင့်။
-
သတ်မှတ်ယာဉ်ကြောမှ မောင်းနှင်ပါ။ မူးလျှင်မမောင်းနှင့် မောင်းလျှင်မမူးနှင့်။ ပြိုင်မမောင်းရ၊ လုမမောင်းရ။ အချက်ပြမီး မှန်ကန်စွာပြပါ။ ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်းပါ။ နောက်ကြည့် မှန်တပ်ဆင်၍ မောင်းနှင်ပါ။ အရှိန်ကန့်သတ်ချက်များကို လိုက်နာပါစသည်တို့ ပါဝင်သော ''ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာကြပါစို့'' လက်ကမ်းစာစောင်များ၊ ရေသန့် ဘူးများနှင့် အချိုရည်ဘူးများကို အခမဲ့ဖြန့်ဝေ ပေးအပ်သည်။
-
အဆိုပါ ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေးလှုပ်ရှားမှုများကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ကြီးကြပ်မှု၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ ကူညီပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံ ယာဉ်လမ်း အန္တရာယ်ကင်းရှင်းရေး အဖွဲ့မှဦးစီး၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရသည်။
-
ထွန်းကိုကို(ယင်းမာပင်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment