Pages

Monday, November 26, 2018

ရန်ကုန်မြို့၌ စတုတ္ထအကြိမ်မြောက် ခူမီးရိုးရာ နှစ်သစ်ကူး ပွဲတော် ကျင်းပမည်

ရန်ကုန်မြို့၌ စတုတ္ထအကြိမ်မြောက် ခူမီးရိုးရာ နှစ်သစ်ကူး ပွဲတော် ကျင်းပမည်
-
ရန်ကုန်   နိုဝင်ဘာ  ၂၅
-
အင်းစိန်မြို့နယ်ရှိ ဗေသနိဓမ္မတက္ကသိုလ်၌ ခူမီးရိုးရာ နှစ်သစ်ကူးပွဲတော်ကို ဒီဇင်ဘာ ၁ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ခူမီးရိုးရာ နှစ်သစ်ကူးပွဲတော် ဘဏ္ဍာရှာဖွေရေးမှ အဖွဲ့ဝင် ကိုပီတာလွယ်လူး ထံမှ သိရသည်။
-
အဆိုပါပွဲကို ရန်ကုန်မြို့၌ စတုတ္ထအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ခူမီးအမျိုးသားများ စုစည်းနိုင်ရန်နှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းနိုင်ရန် ရိုးရာအကများကို တင်ဆက်မည်ဖြစ်သည်။ ထို့ပြင် ထူးချွန်သည့် ကလေးများကို ပညာရည်ချွန်ဆု ပေးမည့်အစီ အစဉ်အပြင် ချင်းတိုင်းရင်းသား တေးသံရှင်များကလည်း သီဆိုဖျော်ဖြေကြမည်ဖြစ်သည်။
-
''ရန်ကုန်မှာရှိတဲ့ ချင်းမျိုးနွယ်စု လူငယ်တွေ တွေ့ဆုံနိုင်ဖို့ စီစဉ်ပေးတာပါ။ လူငယ်တွေ အနေနဲ့ ဒီလိုတွေ့ဆုံခြင်းအားဖြင့် တစ်ဦးနဲ့တစ်ဦး ချစ်ခင်ရင်းနှီးမှုတွေ ဖလှယ်နိုင်မယ်။ ကိုယ့်ရဲ့ယဉ်ကျေးမှုတွေကို အောက်မေ့သတိရပြီး ထိန်းသိမ်းနိုင်ဖို့ စီစဉ်ပေးတာပါ။ ဆုပေးပွဲက  ရန်ကုန်မြို့မှာနေပြီး  ဆယ်တန်းမှာ ခြောက်ဘာသာ ဂုဏ်ထူးထွက်တဲ့သူတွေ သုံးဘာသာ၊  လေးဘာသာ ဂုဏ်ထူးထွက်တဲ့  ကလေးတွေကို  ဂုဏ်ပြုလွှာပေးမှာပါ။ ဒီလို ဂုဏ်ပြုပေးခြင်း အားဖြင့်  နောက်ပိုင်းလူငယ်တွေ ကြိုးစားချင်စိတ် ပေါ်ပေါက်လာအောင် အတုယူစရာ ဖြစ်လာအောင် လုပ်ပေးတာပါ''ဟု ကိုပီတာလွယ်လူး ကပြောသည်။
-
ချင်းမျိုးနွယ်စု ၅၃ မျိုးရှိပြီး မျိုးနွယ်စုကြီး ငါးခုအောက်တွင် ခူမီးမျိုးနွယ်စုသည် တစ်ခု အပါအဝင်ဖြစ်သည်။ ခူမီးလူမျိုးသည် ချင်းတိုင်းရင်းသားများ အားလုံး၏ လေးပုံတစ်ပုံခန့် ရှိကြောင်းနှင့် ချင်းပြည်နယ်၌ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးသည့်အတွက် ရန်ကုန် မြို့သို့  လာရောက်ခြင်းဖြစ်ကြောင်း  သိရသည်။
-
အဆိုပါပွဲတော်တွင် ချင်းရိုးရာအက လေးမျိုးခန့် ပါဝင်မည်ဖြစ်ပြီး ဝါးညှပ်အက၊ တောင် ယာစိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်းကို သရုပ်ဖော်ထားသည့် ရိုးရာအက စသည်တို့ပါဝင် မည်ဖြစ်သည်။
-
ခူမီးရိုးရာပွဲတော်ကို ရန်ကုန်မြို့အပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်၌လည်း ကျင်းပ မည်ဖြစ်ပြီး မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့၌လည်း  ကျင်းပမည်ဖြစ်ကြောင်း   သိရသည်
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment