Pages

Monday, November 26, 2018

AIRPORT SHUTTLE အမြန်ယာဉ်လိုင်းကို ယနေ့မှစ၍ ၂၄ နာရီ ပြေးဆွဲပေး

Airport Shuttle အမြန်ယာဉ်လိုင်းကို  ယနေ့မှစ၍  ၂၄ နာရီ ပြေးဆွဲပေး
-
ရန်ကုန်  နိုဝင်ဘာ  ၂၅ 
-
ရန်ကုန်ဘူတာကြီးမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြေးဆွဲနေသော Airport Shuttle အမြန်ယာဉ်လိုင်းကို ယနေ့မှစ၍  ၂၄ နာရီ ပြေးဆွဲပေးနေကြောင်း  Omni Focus General Co.,Ltd.  မှ သိရသည်။
-
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သွားရောက်သည့် ခရီးသွားပြည်သူများ အဆင် ပြေစေရန်  ယခုကဲ့သို့ ပြေးဆွဲပေးခြင်းဖြစ်ပြီး ညဘက်အပါအဝင် ပြေးဆွဲခြင်းဖြစ်၍ ခရီး သည်များနှင့်  ယာဉ်မောင်း၏ လုံခြုံရေး အတွက်  စီစဉ်ပေးထားကြောင်း သိရသည်။
-
အဆိုပါအမြန်ယာဉ်လိုင်းကို ည ၁ဝ နာရီနောက်ပိုင်းတွင် နာရီဝက်ခြား တစ်စီးနှုန်းဖြင့်  ပြေးဆွဲပေးမည်ဖြစ်ပြီး ယာဉ်စီးခကို ငွေကျပ်  ၅ဝဝ ကောက်ခံမည်ဖြစ်သည်။ ''ယာဉ်လိုင်းခြောက်လိုင်းနဲ့  ၂၄  နာရီ ပြေးဆွဲပေးဖို့ စီစဉ်ထားတယ်။   အဓိကက ခရီးသည်တွေ အဆင်ပြေဖို့ ပြေးဆွဲပေးတာပါ။ ခြောက်လိုင်းစလုံး ပြေးဆွဲဖို့က ရန်ကုန်တိုင်း ဒေသကြီး   သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)   ကို   အကြောင်းကြားစာ ပေးပို့ပြီးပါပြီ။ လက်ရှိ  ယာဉ်လိုင်း ခြောက်လိုင်းစလုံးကို မပြေးဆွဲနိုင် သေးပါဘူး။ ရန်ကုန်ဘူတာကြီးကနေ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြေးဆွဲနေတဲ့  Airport Shuttle အမြန်ယာဉ်လိုင်းကို  အရင်ပြေးဆွဲပေးတာပါ''ဟု Omni  Focus  General Co.,Ltd. မှ မန်နေးဂျင်းဒါရိုက်တာ ဦးထွန်းတောက်ဝင်း ကပြောသည်။
-
Airport  Shuttle အမြန်ယာဉ်လိုင်း အနေဖြင့်   ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် - ပြည်လမ်း - ရှစ်မိုင် - အင်းလျားကန်ပေါင် - မြေနီကုန်း - St.John  City Mall- ဗိုလ်ချုပ်ဈေး-ဆူးလေစေတီတော်-ရန်ကုန်ဘူတာကြီး - ရွှေတိဂုံစေတီတော်- မြန်မာပလာဇာ-ကမ္ဘာအေးဘုရား-ရှစ်မိုင်- ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်  စသည့် လမ်းကြောင်းတွင် ပြေးဆွဲလျက် ရှိသည်။
-
ခရီးသည်များပိုမိုအဆင်ပြေစေရန် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန်ဘူတာ ကြီးအထိ  ပြေးဆွဲနေသော Airport Shuttle အမြန်ယာဉ်လိုင်း၊ YBS ၂ဝ၊ YBS ၅၆၊ YBS ၈၃၊ YBS ၉၈ နှင့် YBS ၉၉ ယာဉ်လိုင်း တို့ကို ၂၄ နာရီ ပြေးဆွဲပေးရန် စီစဉ်ထားကြောင်း သိရသည်။ 
-
ရန်ကုန်မြို့၏ ပထမဆုံး  ၂၄ နာရီ ဘတ်စကားလိုင်း ဝန်ဆောင်မှုဖွင့်ပွဲ အခမ်းအနားကို ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် Terminal 1 ၌ ကျင်းပခဲ့ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment