Pages

Thursday, November 29, 2018

ပြည်တွင်းပြည်ပ သတင်းမီဒီယာ အဖွဲ့ တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေး စခန်းသို့ သွားရောက် သတင်းရယူ

-
မောင်တော  နိုဝင်ဘာ  ၂၈ 
-
ရခိုင်ပြည်နယ် မောင်တောမြို့၌ ရောက်ရှိနေသော ပြည်တွင်းပြည်ပ သတင်းဌာနရှစ်ခုမှ သတင်းသမားများသည် ယနေ့နံနက်ပိုင်းတွင် တောင်ပြိုလက်ဝဲပြန်လည် လက်ခံရေးစခန်းသို့ ရောက်ရှိကြပြီး စခန်းအတွင်းပြင်ဆင် ဆောင်ရွက်ထားမှု အခြေအနေကို လှည့်လည်ကြည့်ရှု သတင်းရယူကြသည်။
-
သတင်းမီဒီယာအဖွဲ့သည် စတင်ဝင်ရောက်မည့် နေရာဖြစ်သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံချစ်ကြည်ရေး တံတား၊ ကနဦး စစ်ဆေးမည့်နေရာ၊ မြန်မာနိုင်ငံအတွင်း နေထိုင်ခဲ့ဖူးခြင်း ရှိ၊မရှိ စစ်ဆေးမည့် နေရာ၊ ဓာတ်ပုံ မှတ်တမ်းတင်မည့်နေရာ၊ အိမ်ထောင်စု စာရင်း ပြုလုပ်ပေးမည့်နေရာ၊ Biometric မှတ်တမ်းတင်မည့် နေရာ၊National Verification ကတ်ပြုလုပ်ပေးမည့် နေရာ၊ ကျန်းမာရေး စစ်ဆေးမည့်နေရာ၊ ထောက်ပံ့ပစ္စည်းများ ပေးအပ် မည့်နေရာနှင့် ဝင်ရောက်လာသူများ နေထိုင်ရန် တည်းခိုဆောင်များ ဆောက်လုပ်ထားမှုတို့ကို လှည့်လည်ကြည့်ရှု သတင်းရယူကြသည်။
-
ထို့နောက်  သတင်းမီဒီယာ အဖွဲ့သည် တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေး စခန်း တာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးထွန်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်စင်တို့နှင့် တွေ့ဆုံ၍ လူဝင်မှု ကြီးကြပ်ရေး လုပ်ငန်းများ  ဆောင်ရွက်မည့် လုပ်ငန်းစဉ် အဆင့်ဆင့်နှင့် ပြန်လည်လက်ခံရေး၊ ပြန်လည် နေရာချထားရေး အတွက်  ဆောင်ရွက်ထားမှု အခြေအနေတို့ကို    မေးမြန်းသတင်း ရယူကြသည်။
-
ယင်းနောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီး၌ နေထိုင်နေကြသည့်  နေရပ်စွန့်ခွာသူများအား တွေ့ဆုံကာ လက်ရှိ နေထိုင်စားသောက်မှု အခြေအနေ၊ နေထိုင်သည့် လူဦးရေ၊ ကူညီထောက်ပံ့မှု အခြေအနေ၊ NV ကတ်ပြုလုပ်မည့်အပေါ် ၎င်းတို့၏ သဘောထားအမြင်၊ နေရပ်စွန့်ခွာခြင်းနှင့် နေရပ်သို့ ပြန်လည်မဝင်ရောက်ရသည့် အကြောင်းရင်းတို့ကို မေးမြန်းသတင်း ရယူကြသည်။
-
ယင်းနောက် သတင်းမီဒီယာ အဖွဲ့သည် မင်းကြီးကျေးရွာသို့ ရောက်ရှိပြီး နေအိမ်များ ဆောက်လုပ်ပေးထားမှု အခြေအနေကို လှည့်လည်ကြည့်ရှု လေ့လာကာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံ၍ ကျေးရွာနေပြည်သူများ၏ နေထိုင် စားသောက်မှုနှင့် ကူညီထောက်ပံ့ပေးမှု အခြေအနေ၊ ကျေးရွာရှိလူဦးရေနှင့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို   မေးမြန်းသတင်း ရယူကြသည်။
-
သတင်းမီဒီယာအဖွဲ့သည် ညပိုင်းတွင် စစ်တွေမြို့မှတစ်ဆင့် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment