Pages

Tuesday, November 6, 2018

မြိတ်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်

မြိတ်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်
-
မြိတ်  နိုဝင်ဘာ  ၅ 
-
တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့အတွင်း မီးဘေးအန္တရာယ်  ကြိုတင် ကာကွယ်ရေး၊ မီးလောင်မှုဖြစ်ပွားလာပါက စနစ်တကျ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပွင့်လင်းရာသီ၌ မီးသတ်ယာဉ်/စက်များ အသင့်ဖြစ်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၈ နာရီက ဆိပ်ငယ်ရပ်ကွက်ရှိ ဆိပ်ငယ်ဈေးကြီး၌ မီးငြှိမ်းသတ်နည်းနှင့်    ရှာဖွေကယ်ဆယ် ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ဆောင်ရွက်ကြသည်။
-
ဇာတ်တိုက်လေ့ကျင့်မှုတွင် FIRE Point နေရာကို   ဈေးသူဈေးသားများက DCP မီးသတ်ဆေးဘူးဖြင့် ကနဦး မီးငြှိမ်းသတ်ခြင်း၊  ဈေးအရန် မီးသတ်တပ်ဖွဲ့က ဈေးအတွင်းပိုင်းရှိရေကန်မှ အပေါ့စား မီးသတ်စက်ဖြင့် FIRE Point နေရာကို မီးငြှိမ်းသတ်ခြင်း၊ ဈေးအတွင်း ပိတ်မိနေသောသူများနှင့်   ဒဏ်ရာရရှိသူများကို  ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့နှင့်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ခြင်း၊  ရှေးဦးပြုစုခြင်း၊  ရှေးဦးပြုစုစခန်းသို့ ပို့ဆောင်ခြင်း၊  လူနာတင်ယာဉ်ဖြင့်  ဆေးရုံပို့ဆောင်ခြင်းတို့ကို    ဇာတ်တိုက်လေ့ကျင့်ကြသည်။
-
ထို့ပြင် သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များက ဈေးအတွင်း FIRE Point နေရာကို ဝင်ရောက်၍ မီးဆက်လက်ထိန်းခြင်း၊ မီးငြှိမ်းသတ်ခြင်း၊ အထပ်မြင့် မီးငြှိမ်းသတ်ယာဉ်၊ မီးငြှိမ်းသတ်ယာဉ်၊ ရေသယ်ယာဉ်များမှ သတ်မှတ်နေရာများတွင် နေရာယူပြီး ပူးပေါင်းငြှိမ်းသတ်ခြင်းကို မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးဇော်ဝင်း ဦးဆောင်၍ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ကြရာ လွှတ်တော်ကိုယ်စားလှယ်များ၊ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေး ကော်မတီနှင့်    ဈေးသူဈေးသားများက ကြည့်ရှုအားပေးသည်။
-
ဇာတ်တိုက်လေ့ကျင့်ခြင်းကို မီးသတ်ဦးစီးဌာနမှ  အထပ်မြင့် မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်နှစ်စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်တစ်စီး၊ လူနာတင်ယာဉ်တစ်စီး၊ အရန်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်ရှစ်စီး၊ ရေသယ်ယာဉ် ခြောက်စီး  စုစုပေါင်းအစီး  ၂ဝ၊  သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊    ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ဈေးအရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ဈေးသူဈေးသားများ ပူးပေါင်း ဆောင်ရွက်ကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment