Pages

Tuesday, November 6, 2018

(၁၈ )ကြိမ်မြောက် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ သုတေသန စာတမ်းဖတ်ပွဲ ကျင်းပ

(၁၈ )ကြိမ်မြောက် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ သုတေသန စာတမ်းဖတ်ပွဲ ကျင်းပ-
ရန်ကုန်  နိုဝင်ဘာ  ၅ 
-
မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ ၏ (၁၈)ကြိမ်မြောက် သုတေသနစာတမ်း ဖတ်ပွဲ  ဖွင့်ပွဲအခမ်းအနားကို  ယနေ့တွင် ရန်ကုန်တက္ကသိုလ်ရှိ ဝိဇ္ဇာခန်းမ၌ ကျင်းပရာ အမျိုးသားပညာရေး မူဝါဒကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊    ပညာရှင်အဖွဲ့ ဥက္ကဋ္ဌများ၊ ပါမောက္ခချုပ်ကော်မတီ ဥက္ကဋ္ဌ၊ ဆရာကြီး၊ ဆရာမကြီးများ၊ သုတေသီများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
-
အခမ်းအနားတွင် အမျိုးသားပညာရေး မူဝါဒကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ် က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင် အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာသက်လွင်က နှုတ်ခွန်းဆက် စကားပြောကြား သည်။
-
ထို့နောက် စာတမ်းဖတ်ပွဲကို ဘာသာရပ်အလိုက် သက်ဆိုင်ရာ တက္ကသိုလ် အသီးသီး၌ ကျင်းပကြသည်။ ''ဝိဇ္ဇာ၊ သိပ္ပံနဲ့ နှီးနွှယ်နေတဲ့ ဘာသာရပ် ၂၅ ခုကို  သက်ဆိုင်ရာ ဘာသာရပ်တွေ အလိုက် အုပ်စုဖွဲ့ပြီး  စာတမ်းတွေ ဖတ်ကြားတဲ့ ပွဲဖြစ်ပါတယ်။ စာတမ်းဖတ်ပွဲမှာ သုတေသနနဲ့ ပတ်သက်ပြီး   ကျင်းပတာ  နှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းကတော့ ပါရဂူကျမ်းတွေကို  သုတေသနဌာနကို ပေးပို့ပြီး ပညာရှင်ဆု ချီးမြှင့်တာရှိပါတယ်။ ဒီနှစ်မှာ  ပါရဂူကျမ်းပေါင်း ၃၇ ကျမ်းလောက် ယှဉ်ပြိုင်ပြီးတော့ ဘာသာရပ်နယ်ပယ်အလိုက် ဆုချီးမြှင့်မှာဖြစ်ပါတယ်။ ဇန်နဝါရီလလောက်ကတည်းက  တက္ကသိုလ်အသီးသီးနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်ပြီးစီးနေတဲ့ သုတေသန ပြုထားတာတွေကို တင်သွင်းကြဖို့ တောင်းခံတယ်။
-
ပြီးမှရရှိလာတဲ့ သုတေသန စာတမ်းတွေကို မျိုးတူရာစုစည်းပြီး  ဘာသာရပ်  ၂၅  ခု ဖတ်ကြားတာဖြစ်ပါတယ်။   အဲဒီထဲက အကောင်းဆုံး   သုတေသနစာတမ်းရှင်ကို ဆုချီးမြှင့်မှာပါ'' ဟု မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင် အမှုဆောင် အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်မင်း ကပြောသည်။
-
အဆိုပါ စာတမ်းဖတ်ပွဲကို ပညာရပ်ဆိုင်ရာ သုတေသန လုပ်ငန်းလမ်းညွှန်မှု၊ အားပေးမှုတို့ဖြင့်  ပညာရည်မြင့်မား တိုးတက်စေရန် အဆင့်မြင့်ပညာ ကဏ္ဍတွင် သုတေသနလုပ် ငန်းဖွံ့ဖြိုးမှု၊ အရည်အသွေးပြည့်မီမှု တို့ကို ရှေးရှု၍ အဆင့်မီသော သုတေသနလုပ်ငန်းများကို တွန်းအားပေးသည့် အနေဖြင့် စာတမ်းများ ဖတ်ကြားရန်နှင့် အကောင်းဆုံး စာတမ်း ဆုများချီးမြှင့်ရန်၊ အဆင့်မီသော သုတေသန စာတမ်းများကို စုစည်း၍ သုတေသနဂျာနယ် များ တည်းဖြတ်ထုတ်ဝေဖြန့်ချိနိုင်ရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment