Pages

Wednesday, October 3, 2018

ဆင်မကြီးမိုမို၏ ၆၅ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)၌ ကျင်းပမည်


ရန်ကုန်  အောက်တိုဘာ  ၂
-
ဆင်မကြီးမိုမို၏  ၆၅  နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် သီတင်းကျွတ် အထူးဈေးရောင်း ပွဲတော်ကို တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)၌ အောက်တိုဘာ  ၂ဝ  ရက်မှ ၂၅ ရက်အထိ  ကျင်းပမည်ဖြစ်ကြောင်း တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် ထံမှ သိရသည်။
-
တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)၌ အောက်တိုဘာ ၂ဝ ရက်တွင် တိရစ္ဆာန်အကများဖြင့် ဖျော်ဖြေခြင်း၊ Kidshow များ၊ ဧည့်သည်အဆိုတော်များ၏   သီဆိုဖျော်ဖြေမှုများ၊  ဈေးရောင်းပွဲတော်များ ပါဝင်မည်ဖြစ်ကြောင်း၊ အောက်တိုဘာ ၂၁ ရက်တွင်  ဆင်မကြီးမိုမို မွေးနေ့အတွက် ဘုန်းကြီးများအား အရုဏ်ဆွမ်း ကပ်လှူခြင်းနှင့် မိုမို၏မွေးနေ့ကိတ်ခွဲခြင်းတို့ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
-
''ဥယျာဉ်ကိုလာလည်ရင်း မိုမိုရဲ့မွေးနေ့ အခမ်းအနားနဲ့ ဖျော်ဖြေမှုတွေအပြင် သီတင်း ကျွတ်အတွက် ဈေးရောင်းပွဲတော်ပါ ထည့်သွင်းထားပါတယ်။ ကလေးတွေရဲ့အချစ် တော်ဖြစ်တဲ့   ဆင်မကြီးမိုမိုရဲ့မွေးနေ့ပွဲကို ခမ်းခမ်းနားနား ကျင်းပဖို့    စီစဉ်ထားတဲ့အတွက်  ပါဝင်ဆင်နွှဲကြဖို့ တိုက်တွန်းလိုပါ တယ်'' ဟု   ဦးထွန်းဝင်းအောင် ကပြောသည်။
-
ဆင်မကြီးမိုမို၏မွေးနေ့ကို  မိုမိုအသက်  ၆ဝ  ပြည့်နှစ်မှစ၍ နှစ်စဉ်  စည်ကားစွာ ကျင်းပလာရာ  ယခုနှစ်သည် ၆၅ နှစ်ပြည့်ပြီဖြစ်ကြောင်း၊ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)တွင် မိုမိုအပါအဝင် ဆင်မခြောက်ကောင် ရှိပြီး တိရစ္ဆာန် မျိုးစိတ်ပေါင်း ၁၃၄ မျိုးဖြင့် ပြသထားကြောင်း၊    ဥယျာဉ်အတွင်းသို့ လာရောက်လည်ပတ်သူများကို  ဝင်ကြေးအနေဖြင့် မြန်မာနိုင်ငံသား တစ်ဦးလျှင် လူကြီးငွေကျပ် ၁ဝဝဝ၊ ကလေး ငွေကျပ် ၅ဝဝ သတ်မှတ်ထားကာ နိုင်ငံခြားခရီးသွား ဧည့်သည်တစ်ဦးလျှင် လူကြီး ငွေကျပ် ၃ဝဝဝ၊ ကလေး ငွေကျပ် ၂ဝဝဝ သတ်မှတ်ထားပြီး ဥယျာဉ်ကို နံနက် ၇ နာရီမှ ညနေ ၅ နာရီခွဲအထိ  ဖွင့်လှစ်ထားကြောင်း  သိရသည်။      
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment