Pages

Tuesday, October 30, 2018

ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုအတွက် တရားရုံး စီရင်ဆုံးဖြတ်မှုဆိုင်ရာ အာရှ-ပစိဖိတ် တရားရေး ညီလာခံ ကျင်းပ

ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုအတွက် တရားရုံး စီရင်ဆုံးဖြတ်မှုဆိုင်ရာ အာရှ-ပစိဖိတ် တရားရေး ညီလာခံ ကျင်းပ
နေပြည်တော်   အောက်တိုဘာ  ၂၉
-
ပြည်ထောင်စုတရား လွှတ်တော်ချုပ်နှင့် အာရှဖွံ့ဖြိုးရေး ဘဏ်(ADB)၊ ကုလသမဂ္ဂ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်(UNEP)၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အာရှတရားသူကြီးများ ကွန်ရက်  (AJNE)   တို့ပူးပေါင်း၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်  ရာသီဥတုပြောင်းလဲမှုအတွက် တရားရုံးစီရင် ဆုံးဖြတ်မှုဆိုင်ရာ အာရှ-ပစိဖိတ် တရားရေးညီလာခံဖွင့်ပွဲကို  ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Hilton Hotel ၌ကျင်းပသည်။
-
ညီလာခံဖွင့်ပွဲသို့    ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး တက်ရောက်ဖွင့်လှစ်၍ အမှာစကားပြောကြားသည်။အဆိုပါညီလာခံကို သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ အမှုများ စစ်ဆေးစီရင်မှုနှင့် စပ်လျဉ်း၍ တိုးတက်ခိုင်မာ လာစေရေးအတွက် ကျင်းပခြင်းဖြစ်ပြီး အာရှနှင့်ပစိဖိတ် ဒေသတွင်းနိုင်ငံများ ပူးပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ တရားမျှတမှု၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အမှုများ စစ်ဆေးစီရင်ခြင်း၊ စီရင်ထုံးများလိုက်နာမှု အားကောင်းလာစေရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အုပ်ချုပ်မှုတို့နှင့်ပတ်သက်၍  အကောင်းဆုံးကျင့်သုံးမှုများကို   တရားသူကြီးများနှင့် ဥပဒေပညာရှင်များ အကြား ကျယ်ကျယ်ပြန့်ပြန့် အပြန်အလှန် ဆွေးနွေးဖလှယ်နိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။
-
ညီလာခံကို အောက်တိုဘာ ၂၉ ရက်နှင့် ၃ဝ ရက်တို့တွင် ကျင်းပမည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ စိန်ခေါ်မှုများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပြဋ္ဌာန်းဥပဒေများ၊ ဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုများ၊သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ တရားစွဲဆိုမှုများနှင့်  တွေ့ကြုံရသော စိန်ခေါ်မှုများ၊ ရာသီဥတု ပြောင်းလဲလာသည့် ခေတ်ကြီးတွင် တရားသူကြီးများ၏ အခန်းကဏ္ဍ အစရှိသည်တို့နှင့် စပ်လျဉ်း၍ ကဏ္ဍအသီးသီးတွင် ပါဝင်ဆောင်ရွက်နေသူများက ရှုထောင့်အသီးသီးမှ ပါဝင်ဆွေးနွေးကြမည်ဖြစ်သည်။
-
ညီလာခံသို့ အာဆီယံနိုင်ငံများ၊ တောင်အာရှနိုင်ငံများ၊  ပစိဖိတ်ဒေသတွင်းနိုင်ငံများ၊ ဗြိတိန်၊ သြစတြေးလျ၊ အမေရိကန်ပြည်ထောင်စု၊  ဘရာဇီး၊ နယူးဇီလန်၊ ကိရိဘတ်စ်နိုင်ငံတို့မှ တရားသူကြီးချုပ်များ၊ တရားသူကြီးများ၊ တရားရေး အရာရှိများ၊ အဆင့်မြင့် အရာရှိကြီးများ၊ ADB? UN  Environment  မှ တာဝန်ရှိသူများနှင့် Train-The-Trainers Program Environmental Champions မှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ ဥပဒေပညာရှင်များ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ  ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများ၊ ဒုတိယရှေ့နေချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊  တိုင်းဒေသကြီးနှင့် ပြည်နယ် တရားလွှတ်တော် တရားသူကြီးများ၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့ရှိ ကော်မရှင်နှင့် ရေးရာ ကော်မတီများမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ  တာဝန်ရှိသူများ၊  ရန်ကုန်နှင့်  မန္တလေး တက္ကသိုလ် ဥပဒေပညာဌာနမှ ပါမောက္ခများ၊ ရန်ကုန်နှင့် မန္တလေးရှေ့နေများ အသင်းဥက္ကဋ္ဌများ၊ ခရိုင်အဆင့် တရားသူကြီးများနှင့်  ပြည်ထောင်စုတရား လွှတ်တော်ချုပ်မှ တရားရေးအရာရှိများ၊ သတင်းမီဒီယာများမှ တာဝန်ရှိ သူများတက်ရောက်ကြပြီး  မြန်မာနိုင်ငံက  အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်း ဖြစ်ကြောင်း  သိရသည်။
-
(သတင်းစဉ်)
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment