Pages

Monday, October 29, 2018

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ရွှေသောင်ယံ တံတား(မကျီးချောင်း) ဖွင့်ပွဲသို့ တက်ရောက်

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ရွှေသောင်ယံ တံတား(မကျီးချောင်း) ဖွင့်ပွဲသို့ တက်ရောက်
-
နေပြည်တော် အောက်တိုဘာ ၂၈
-
 ဧရာဝတီတိုင်းဒေသကြီး ရွှေသောင်ယံမြို့တွင် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့်ဇနီး ဒေါ်ချိုချို တို့သည် ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒေါက်တာမြင့်ထွေး၊ ဦးဟန်ဇော်၊ ဦးအုန်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ ဦးကျော်မျိုး၊ ဦးကျော်လင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဒုတိယ ရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးနှင့် တာဝန်ရှိ သူများ နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ရွှေသောင်ယံမြို့၌ ကျင်းပသည့် ရွှေသောင်ယံ တံတား (မကျီးချောင်း) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။ 
-
အခမ်းအနားတွင် နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာ၌ ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကာလ  ယခု လမ်း၊ ယခုခရီးကြမ်းတွင် မိမိအနေဖြင့် ဆိုင်ကယ် တစ်တန်၊ ကားတစ်တန်၊ စက်လှေတစ်တန်၊ ဇက်အသွားအပြန်ဖြင့် ယခုဒေသ၊ ယခုအရပ်တွင် ခြေရာချင်းထပ်ခဲ့ရကြောင်း၊ ထိုစဉ်ကတည်းက မိမိအား လှိုက်လှဲစွာကြိုဆိုကြပြီး ဧည့်ခံ ကျွေးမွေးကြသည့် မိဘပြည်သူများ၊ အားပေး ထောက်ခံကြသည့် မဲဆန္ဒရှင်များ၊ မညည်းမညူ ရိုင်းပင်းကူညီကြသူများ အားလုံး၏ ကျေးဇူးကို မိမိနှလုံးသားတွင် ကမ္ပည်းတင်ထားကြောင်း၊ ယခုမြို့နယ်၊ ယခုဒေသရှိ မိတ်ဆွေသင်္ဂဟ များအားလုံးကို သတိရလျက်ရှိသည်ဟု အခွင့် အခါကြုံခိုက်ပြောကြားလိုကြောင်း၊ ယခုအချိန်တွင် ဒေသခံများ နှစ်ပေါင်း များစွာလိုလား တောင့်တခဲ့သည့် ရွှေသောင်ယံတံတားကို ဖြည့်ဆည်းခွင့်ရပြီး ကိုယ်တိုင်ကိုယ်ကျ လာရောက် ဖွင့်လှစ်နိုင်သည့်အတွက် အတိုင်း မသိ အထူးဝမ်းသာကြည်နူးရကြောင်း။ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ပေး ခဲ့သည့် မိမိတို့အစိုးရအဖွဲ့သက်တမ်းမှာ အခုဆိုလျှင်  နှစ်နှစ်ခွဲကျော် ခဲ့ပြီဖြစ် ကြောင်း၊ ယင်းကာလအတွင်း နိုင်ငံတော်ကြီး အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်စေရန် မိမိတို့အနေဖြင့် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြကြောင်း၊ ပြည်ထောင်စု ကြီးအတွင်းတွင်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက် စေရန် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့တို့ ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက် လျက်ရှိကြကြောင်း။ မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးများနှင့် စုစည်းညီညွတ်စွာ စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်ကြီးဖြစ် ကြောင်း၊ ရှေးပဝေသဏီကတည်းကစပြီး တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား အေးအတူပူအမျှ ဥမကွဲသိုက်မပျက် လက်တွဲ နေ ထိုင်လျက် ရှိကြကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် ရှိသည့် တိုင်းရင်းသား ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးတို့ကို အဆင့်အတန်းမြင့်မား စေရန် အခြေခံ အဆောက်အဦဖြစ်သည့် လမ်း ပန်းဆက်သွယ်ရေးကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ လမ်းများ၊ တံတား များကောင်းမွန်ပြီး ဆက်သွယ်မှုအဆင်ပြေချော မွေ့မှသာ ပြည်သူများအကြား ကူးလူးဆက် သွယ်သွားလာနိုင်ပြီး ချစ်ကြည်ရင်းနှီးမှု ပိုမို ရရှိစေမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးလည်း တိုးတက်လာမည်ဖြစ်ကြောင်း။ ဧရာဝတီတိုင်း ဒေသကြီးသည် မြစ်ဝကျွန်း ပေါ်ဒေသဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံ၏ စပါးကျီသာမက  ရေထွက် ကုန်ပစ္စည်းများ အဓိကဖြည့်တင်း ပေးနေသည့် တိုင်းဒေသကြီးလည်း ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ် ရေးအနေဖြင့် ယခင်က ရေလမ်းခရီးကိုသာ အဓိကထား အားကိုးခဲ့ကြရသော်လည်း ဒီနေ့ဒီအချိန်တွင် တိုင်းဒေသကြီး၏ ဒေသ အသီးသီးကို ကုန်းလမ်းခရီးဖြင့် အချိန်တိုအတွင်း လွယ်လင့်တကူ သွားလာနိုင်ပြီဖြစ်ကြောင်း၊ ထို့ပြင် ပေါကြွယ်ဝ သည့် သဘာဝသယံဇာတများ၊ မပျက်စီးသေးသည့် သာယာလှပသော ပင်လယ်ကမ်းရိုး တန်းနှင့် အပန်းဖြေကမ်းခြေ များကြောင့် ပြည်တွင်းပြည်ပ ခရီးသွားများကို ဆွဲဆောင်နိုင်သည့် ဒေသကြီးတစ်ခုလည်းဖြစ်ကြောင်း၊ ယနေ့ ဖွင့်လှစ်လိုက်သည့် ရွှေသောင်ယံ တံတားသည် ဧရာဝတီတိုင်းဒေသကြီးနှင့် ဒေသခံ ပြည်သူများအတွက် အလွန် အကျိုးဖြစ် ထွန်းစေမည်ဖြစ်ကြောင်း။
-
-
ခရီးသွားလုပ်ငန်းများလည်း ဖွံ့ဖြိုးလာသည်နှင့် ယခုဒေသ၏ လူမှုစီးပွားဘဝလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊  စီး ပွားရေး လုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများ အနေဖြင့် လည်း မိမိတို့၏ သားစဉ်မြေးဆက် စားဝတ်နေ ရေးအတွက်  အသုံးပြုရမည့် ယခုသဘာဝ ပတ်ဝန်းကျင် မပျက်စီး ရအောင် ထိန်းသိမ်းရ မည်ဖြစ်ပြီး သဘာဝသယံဇာတများ မဆုံးရှုံး ရအောင် ကာကွယ်ရမည်ဖြစ်ကြောင်း။ -
မိမိတို့၏ ခဏတာဝမ်းစာအတွက် မကြည့် ဘဲ အားလုံးခံစားကြရမည့် တစ်သက်တာ ရေရှည်အကျိုးစီးပွားကို ဂရုစိုက် စေလိုကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများ၏ စည်းမျဉ်းစည်းကမ်း၊ အမိန့်ညွှန်ကြား ချက်များကို ဒေသခံပြည်သူ လူထုနှင့် စီးပွားရေး လုပ်ငန်းရှင်များက လေးစားလိုက်နာခြင်းဖြင့် ဝိုင်းဝန်းကူညီ ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သို့မှသာ ကမ်းခြေဒေသ ရေရှည်တည်တံ့ခိုင်မြဲမည်ဖြစ်ကြောင်း၊ ကမ်း ခြေသန့်ရှင်း သာယာလှပရေး၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးတို့ကိုလည်း ဒေသခံများ၊ စီးပွားရေး လုပ်ငန်းရှင်များက ဌာနဆိုင်ရာ အဖွဲ့ အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ ခရီးသွား ဧည့်သည်များ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက်လည်း သတိပေးဆိုင်းဘုတ်များ၊ ပိုစတာများ၊ ကြော်ငြာ များ စိုက်ထူထားရန် လိုအပ်ကြောင်း။ 
-
မိမိတို့အစိုးရတာဝန်ယူခဲ့သည့် နှစ်နှစ် ကျော်ကာလအတွင်း လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်စေရန် လမ်း၊  တံတားများကို တည်ဆောက်နိုင်ခဲ့ကြောင်း၊ လက်ကျန်သက် တမ်းအတွင်းမှာလည်း ဒေသအလိုက် လိုအပ်နေသည့် တံတား အစင်းပေါင်း ၄ဝဝ ကျော် ပြီးစီးအောင် တည်ဆောက်သွားရန် စီစဉ်ထားကြောင်း၊ ပြည်သူလူထု စိတ်လုံခြုံမှု၊ ဘဝ လုံခြုံမှုရှိစေရန် လမ်းများနှင့်တံတားများကို လည်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြည့်ရှုစစ်ဆေးပြီး ကြိုတင် ပြုပြင် အဆင့်မြှင့်တင်နိုင် ခဲ့ကြောင်း၊ ၂ဝ၃ဝ ပြည့်နှစ်တွင် နိုင်ငံတော်အတွင်း ကျေးရွာအားလုံး၏ ၈ဝ ရာခိုင်နှုန်း၊ ကျေးလက် ဒေသနေ ပြည်သူအားလုံး၏ ၉ဝရာခိုင်နှုန်းသည် ကျေးလက်လမ်းများကို ရာသီ မရွေး အသုံးပြုနိုင်အောင် နှစ်စဉ် နှစ်တိုင်း ဖောက်လုပ်ခြင်း၊ ပြင်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်းများ ပြုလုပ် သွား မည်ဖြစ်ကြောင်း။ 
-
ယခုကဲ့သို့ လမ်း၊ တံတားတည်ဆောက်ရေးများ၊ စီမံကိန်း လုပ်ငန်းများတွင် ပြည်သူ့ ဘဏ္ဍာငွေများ သုံးစွဲရာတွင်  လေလွင့်မှု မရှိစေ ရေးအတွက် ဒေသခံပြည်သူများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ပူးပေါင်းဆောင် ရွက်ပေးကြရန် လိုကြောင်း၊ ပြည်သူ့ဘဏ္ဍာ ငွေများကို အသုံးပြုဆောင်ရွက်သည့်စီမံကိန်း များသည် ဒေသအကျိုးဖြစ် ထွန်းစေမည့် စီမံကိန်းများဖြစ်ရန်လိုကြောင်း၊ ထို့ပြင်စီမံကိန်းများကို လက်သင့်ရာ လုပ်ငန်းအပ်နှံ ခြင်းမျိုးများ မရှိရန် နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ထားသည့် တင်ဒါစည်းမျဉ်းစည်းကမ်းများအတိုင်း သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများက တိတိကျကျ လိုက်နာမှုရှိကြရန် သတိပေးလိုကြောင်း၊ စီမံကိန်းများ ဆောင်ရွက်သည့်နေရာတွင် အကယ်၍ အဆင့်လိုက် ခွဲတမ်းချဝေ ပုံကျခွဲယူကြပြီး ပြည်သူများ အတွက် ထိထိရောက်ရောက် မရှိတော့သည့် ဘဏ္ဍာငွေ ဆုံးရှုံးမှု အခြေအနေများ ဖြစ်ပေါ် လာပါက နိုင်ငံတော်အစိုးရအနေဖြင့် တရားဥပဒေ စိုးမိုးရေးအရ ကျောသား ရင်သားမခွဲခြားဘဲ ဥပဒေ နှင့်အညီ ဆောင်ရွက်ရမည်ဆိုသည်ကို အလေးထားပြီး ပြောကြားလိုကြောင်း။ 
-
လမ်းများ၊ တံတားများအပါအဝင် အခြေခံအဆောက်အဦများ၊ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ကြရာ တွင်လည်း အရည် အသွေးစိစစ်ထိန်းသိမ်းရေျးှကေူငအပ ဃသညအမသူကို မဖြစ်မနေဆောင်ရွက်ကြရန် မှာကြားထား ပြီးဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် ခံနိုင်ဝန်၊ သတ်မှတ်ထားသည့် အချိန်ကာလ၊ မမျှော်လင့်ဘဲ ကြုံတွေ့ရ တတ်သည့် အခြေအနေများ မှလွဲ၍ မဖြစ်သင့်မဖြစ်ထိုက်သည့် ယိုယွင်းပျက်စီးတာမျိုးများ ဖြစ်ပေါ်လာပြီး ပြည်သူများ ဒုက္ခတွေ့ကြုံလာလျှင် သက်ဆိုင်ရာတာဝန်ရှိသူများကို တာဝန်ယူ၊ တာဝန်ခံရမည်ဖြစ်သည်ကို အတိ အလင်း ပြောကြား လိုကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေနှင့်ကျခံသုံးစွဲရသည့် ယခုလို အခြေခံအဆောက်အဦများ ရေရှည်တည်တံ့နိုင်အောင် ပြည်သူများ ဘက်ကလည်း ကြည့်ရှု စောင့်ရှောက်ပေးကြရန် ကြပ်မတ်ထိန်းသိမ်း ပေးကြရန် တိုက်တွန်းလိုကြောင်း။ 
-
မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် နိုင်ငံ လူဦးရေ၏ရာခိုင်နှုန်းအများစု မှီခိုအားထားနေရသည့်  လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး သည်လည်း အရေးကြီးသည့်ကဏ္ဍတစ်ခုဖြစ်ကြောင်း၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်သည့် နည်းပညာနှင့် အရင်း အနှီးပိုင်းတွင် နိုင်ငံတော်က တတ်နိုင်သလောက် ဖြည့်ဆည်းပေးနေပြီး လယ်ယာ ကဏ္ဍနှင့် သက်ဆိုင်သည့်ဥပဒေများကိုလည်း ခေတ်ကာလ အခြေအနေနှင့်လျော်ညီအောင် ပြင်ဆင် ပြဋ္ဌာန်းပေး လျက်ရှိကြောင်း၊ လယ်ယာကဏ္ဍ ခိုင်မာအားကောင်းရန်၊ တောင်သူလယ်သမားများ မိမိတို့စိုက်ပျိုး လုပ်ကိုင်ရ သ လောက် အကျိုးရှိစေရန်၊ မိမိတို့စီမံလုပ်ကိုင်နေသည့် မြေယာကို သားစဉ်မြေးဆက် ခိုင်ခိုင်မာမာ လုပ်ကိုင်ခွင့်ရစေရန် အတွက် ၂ဝ၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေနှင့် ၂ဝ၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ တို့ကိုလည်း လက်ရှိ ပကတိ အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ပြဋ္ဌာန်း ဆောင်ရွက်လျက် ရှိကြောင်း။ 
-
မိမိတို့အစိုးရအနေဖြင့် သိမ်းဆည်းခံ လယ်ယာမြေများကို ပြန်လည်စွန့်လွှတ်ပေးခဲ့ရာမှာ စုစုပေါင်းစွန့်လွှတ်မြေ  ၆၃၄၁၇ ဧက ရှိခဲ့ပြီဖြစ်ကြောင်း၊ တောင်သူများလက်ဝယ်ကို ၁၃ဝ၉၁ ဧက လွှဲပြောင်းပေးအပ်နိုင်ခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီး ဌာနများနှင့် တိုင်းဒေသကြီး / ပြည်နယ်များကို ၅ဝ၃၂၆ ဧက လွှဲပြောင်း ပေးအပ်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ရှိနေသေးသည့် သိမ်းဆည်းခံ လယ်ယာမြေများကို သက်ဆိုင်သည့် တောင်သူများလက်ထဲ အမြန်ဆုံး ပြန်လည် ပေးအပ်နိုင် ရန်လည်း စိစစ်မှုများ ဆောင်ရွက်နေကြကြောင်း။ 
-
သိမ်းဆည်းခံမြေများကို သက်ဆိုင်ရာ ကော်မတီအသီးသီးက ပြန်လည်စိစစ်ရာတွင် အဆင်ပြေချောမွေ့မှုမရှိစေရန် အဟန့် အတား ဖြစ်စေသည့်၊ စွန့်လွှတ်ပြီးမြေများအား ပြန်လည် အပ်နှံပေးရန် နှောင့်နှေးစေသည့်၊ စွန့်လွှတ်ပြီး မြေ များကို အပ်နှံပြီးသော်လည်း ယာယီလွှဲပြောင်းပေးရန် အခက်အခဲဖြစ်ပေါ် နေသည့်၊ အသုံးချပိုင်ခွင့်အမည်ပေါက်ရရှိ စေရန် အကျပ်အတည်း ဖြစ်စေသည့် သက်ဆိုင်ရာဝန်ထမ်းများကိုလည်း လိုအပ်သလို အရေးယူသွားမည်ကို ထပ်မံ သတိ ပေးလိုကြောင်း၊ လျော်ကြေး၊ နစ်နာကြေးများပေးရန် ရှိပါကလည်း ကာလဒေသ အခြေအနေအရ မှန်မှန် ကန်ကန် တရားမျှတစွာ သတ်မှတ်ကြရမည်ဖြစ်ကြောင်း၊ နှစ်ဦးနှစ်ဖက်စလုံးက မဖြစ်နိုင်သည်များကို ရပ်ခံမနေကြဘဲ ကိုယ်ချင်းစာ တရားဖြင့် သူမနာ၊ ကိုယ်မနာ လက်ခံကြရန် လိုအပ်ကြောင်း၊ တရားမျှတခြင်းသည် လူတိုင်း ရသင့်ရ ထိုက်သည့် အခွင့်အရေး ဖြစ်ကြောင်း၊ တရားမျှတမှုကို လက်ခံကျင့်သုံးရေးသည် လူမှုအဖွဲ့အစည်းခိုင်မာရေးဖြစ်သလို ဒီမိုကရေစီ တည်ဆောက်ရေးလည်း ဖြစ်ကြောင်း။ ယနေ့အချိန်အခါတွင် ခေတ်ဟောင်းစနစ် ဟောင်းမှသည် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ခေတ်ပြောင်း စနစ်ပြောင်း ကာလ ဖြစ်ကြောင်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ၏ အစပင်ရှိသေးကြောင်း၊ ဒီမိုကရေစီပန်းတိုင်သို့ မရောက် သေးကြောင်း၊ ယခုပြောင်း လဲမှု ဖြစ်စဉ်ကြီး အောင်မြင်ချောမွေ့စေရန် ပြည်သူပြည်သားများနှင့် ဝန်ထမ်းများ အားလုံး၏ ပုံစံကျနေသည့်အတွေးအမြင်များ၊ ပုံသေကား ချပ်အလေ့အထများအားလုံးကို ပြုပြင်ပြောင်းလဲ ပေးကြရန် အထူး လိုအပ်လှကြောင်း။ 
-
ထို့ကြောင့် ပြုပြင်ပြောင်းလဲမှုနှောင့်နှေးနေသည့် ဌာနဆိုင်ရာ အဖွဲ့အစည်းများကို ကြပ်မတ်မှုများ ဆောင်ရွက် နေကြောင်း၊ တရားစီရင် ရေးမဏ္ဍိုင်ကို တည့်မတ်နိုင်ရန် တရားရေး မဏ္ဍိုင် တာဝန်ရှိသူများကကြိုးပမ်းနေကြောင်း၊ အဂတိ လိုက်စားမှုကို အရှိန်အဟုန်နှင့်တိုက် ဖျက်နေကြောင်း၊ လူ့အခွင့်အရေးချိုး ဖောက်ခံရခြင်းများကို မြှင့်တင် ကာကွယ်ပေးနေကြောင်း၊ မူးယစ်ဆေးဝါးကို ပိုမိုနှိမ်နင်းနေကြောင်း၊ ပြည်သူ့ ဘဏ္ဍာငွေများ အလေအလွင့် ဆုံးရှုံးမှု မရှိစေရန် စနစ်တကျစီမံခန့်ခွဲနေကြောင်း၊ ဥပဒေမဲ့ သိမ်းဆည်းခံခဲ့ရသည့် လယ်ယာမြေ များ ပြန်လည်ရရှိရေး၊  လျော် ကြေး၊ နစ်နာကြေးများရရှိရေးကို ဥပဒေနှင့်အညီ အလေးပေးပြီးဆောင်ရွက်နေကြောင်း။ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အရှိန် အဟုန်ဖြင့် ဆောင်ရွက်ရာတွင် ဝန်ထမ်းများအနေဖြင့် လိုက်နာရမည့်ဥပဒေ၊ နည်းဥပဒေ များကို လေးစားလိုက်နာရမည်ဖြစ်ပြီး ပြည်သူများကလည်း တည်ဆဲဥပဒေများကိုလိုက်နာပြီး ကူညီပံ့ပိုး ပေးကြရန် လိုအပ်ကြောင်း၊ အုပ်ချုပ် ရေးကဏ္ဍကို တာဝန်ယူထားသူများကလည်းဒီမိုကရေစီစနစ်ကိုဖော်ဆောင်သည့် အုပ်ချုပ်ရေး ယန္တရားဖြစ်အောင် ကြိုးစားလုပ်ဆောင်ရန်၊ ဥပဒေနှင့်အညီ တရားနည်းလမ်းတကျ မျှမျှ တတအုပ်ချုပ် ရန်၊ ပြည်သူတို့၏ လွတ်လပ်မှုနှင့် လုံခြုံမှုကို အကာအကွယ်ပေးသည့် အုပ်ချုပ်ရေး စနစ်ဖြစ်ရန်၊ နိုင်ငံသူနိုင်ငံသားများ အပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့်၊ ဖိနှိပ်ချုပ်ချယ်သည့် အုပ်ချုပ်ရေးယန္တရားမဖြစ်စေရန် အထူးလိုအပ် ကြောင်း၊ အုပ်ချုပ်ရေး ယန္တရားပြုပြင် ပြောင်းလဲ ရာတွင် တရားဥပဒေစိုးမိုးရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးများကို ပြည်သူ များက ကိုးစားယုံကြည်ရသည့် အခြေအနေတစ်ရပ် ဖြစ်ထွန်းလာစေရန် ပြည်သူ့အားကိုရယူပြီး နိုင်ငံတော်အစိုးရ အနေဖြင့် ဦးစွာဦးစားပေးဆောင် ရွက်သွားမည်ဖြစ်ကြောင်း။ 
-
ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများသည် မိမိတို့သားစဉ်မြေးဆက်များ၏ ဘဝလုံခြုံမှု၊ စိတ်လုံခြုံမှုအတွက်ဖြစ်သည်ကို  နားလည် သဘောပေါက်ကြပြီး နိုင်ငံတော်အစိုးရနှင့် အတူ ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်သူများက ဟန်ချက် ညီစွာ လိုက်ပါဆောင်ရွက်ကြမှသာ လိုရာခရီးရောက်မည်ဆိုသည်ကို ပြောကြားလို ကြောင်း၊ မိမိတို့၏နိုင်ငံတော်ကြီး ငြိမ်းချမ်း သာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ရန်ဆိုသည်ကို ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြ သည့် မိမိတို့အားလုံး၏ပုံသေကားချပ်အတွေး အခေါ်အယူအဆ၊ အလေ့အထများကို ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိမှုအပေါ် အများကြီး မူတည်နေသည်ကို အလေးအနက်သတိ ထားကြစေလိုကြောင်း။ 
-
ဒီမိုကရေစီကျင့်စဉ်အရ ပြည်သူကိုဦးထိပ် ထားပြီး ပြည်သူကိုလေးစားစွာ အလုပ်အကျွေး ပြုရန်နှင့်  ပြည်သူ့ဝန်ကို ထမ်းဆောင် ရာတွင် ကောင်းမွန်သည့်အုပ်ချုပ်ရေးနှင့် သန့်ရှင်းသည့်အစိုးရဖြစ်လာစေရန် ပြည်သူ့ဝန်ထမ်း များကိုယ်တိုင်က ပြုပြင်ပြောင်းလဲနိုင်မှု၊ ယုံ ကြည်မှုအပြည့်အဝဖြင့် လိုက်ပါဖော်ဆောင်ပေးကြရန် လေးလေးနက်နက် တိုက်တွန်း ပြောကြားလိုကြောင်း။ နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်ကြီး အဘက် ဘက်မှ တိုးတက်ဖွံ့ဖြိုးစေရန်၊ သက်ဆိုင်ရာဒေသဖွံ့ဖြိုးစေရန် နိုင်ငံတော် က ငွေကုန် ကြေးကျခံပြီး အလေးအနက်ထားရင်းနှီးမြှုပ်နှံ ပေးခဲ့သည့် လမ်း၊ တံတားအပါအဝင် အခြေခံ အဆောက် အဦများ ရေရှည် တည်တံ့အောင် ဒေသ ခံပြည်သူများက ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပေးကြစေလိုကြောင်း၊ အဂတိ ကင်းသည့် လူ့အသိုင်းအဝိုင်းကို ဖော်ဆောင် ပေးကြပါ၊ တရားမျှတသည့် လူ့အဖွဲ့အစည်း ကိုဖန်တီးပေးကြစေ လိုကြောင်း၊ သဘာဝပတ် ဝန်းကျင်ယိုယွင်းပျက်စီးမှုမရှိစေရန် ကာကွယ်ပေးကြစေ လိုကြောင်း၊ သယံဇာတများ ရေရှည် တည်တံ့စေရန် စီမံအုပ်ချုပ်ပေးကြစေလိုကြောင်း၊ နိုင်ငံအဆင့် အပန်းဖြေကမ်းခြေများ ဖြစ်လာအောင် ကြိုးစား ပေးကြစေ လိုကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်အရင်းခံပြီး ပြည်တွင်း ငြိမ်းချမ်းရေး အမြန်ဆုံးရရှိအောင် ပူးပေါင်း ဆောင်ရွက်ပေးကြစေ လိုကြောင်း၊ တိုင်းရင်း သားညီအစ်ကိုမောင်နှမများ၏ လက်တွဲမဖြုတ်စတမ်း သွေးစည်းညီညွတ်မှု၊ ချစ်ကြည်ရင်းနှီး မှုများဖြင့် ငြိမ်းချမ်းသာယာဝပြောသည့် ဒီမို ကရေစီဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်ကြီးကို တက်ညီလက်ညီ တည်ဆောက် ပေးကြပါရန် အလေးအနက်ထား ပြောကြားလိုကြောင်းပြောကြားသည်။ 
-
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က တံတားတည်ဆောက်ရခြင်း၊ အစိုးရသစ် လက်ထက်လမ်း၊ တံတားများ နှင့် အခြေခံ အဆောက်အဦများ တည်ဆောက်နေမှုနှင့် ဆက်လက်တည်ဆောက်သွားမည့်အစီအစဉ် များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ 
-
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က ဧရာဝတီတိုင်းဒေသကြီးအတွင်း လမ်းကွန် ရက်များ ကောင်းမွန်ရေးအတွက် လမ်း၊ တံတားများ ပြုပြင်တည်ဆောက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။ ယင်းနောက် ဒေသခံတစ်ဦးက တံတား တည်ဆောက်ပေးမှုနှင့်စပ်လျဉ်း၍ ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဟန် ဇော်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးနှင့်လျှပ်စစ်ဝန်ကြီး ဦးဝင်းဌေး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝေလှိုင် ထွန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဒေါက်တာ စိုးဝင်း၊ တံတားအထူးအဖွဲ့ (၁၅)မှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူရနှင့် ဒေသခံပြည်သူ တစ်ဦးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။ 
-
ယင်းနောက် နိုင်ငံတော်သမ္မတ၊ ပြည် ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည်  တံတားဖွင့်ပွဲ အထိမ်း အမှတ် အဖြစ် တက်ရောက် လာကြသူများ နှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ထို့နောက် နိုင်ငံတော်သမ္မတက တံတား ကမ္ပည်းမော်ကွန်းကျောက်စာတိုင်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး  အမွှေးနံ့သာ ရည်ဖြင့် ပက်ဖျန်းပေးသည်။ 
-
ယင်းနောက် နိုင်ငံတော် သမ္မတနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက  တံတား ပေါ်မှ ဖြတ်သန်းကြည့်ရှုကြသည်။ ယနေ့ဖွင့်လှစ်သည့် ရွှေသောင်ယံတံတား (မကျီးချောင်း)သည် ရွှေသောင်ယံ-ချောင်းသာကို အလွယ်တကူ သွားလာ နိုင်ကာ အရှည် ၈၂၇ ပေရှိပြီး သံကူကွန်ကရစ်အမျိုးအစားဖြစ် သည်။ 
-
ယခုတံတားတည်ဆောက်နိုင်ခြင်းကြောင့် ဧရာဝတီတိုင်း ဒေသကြီးနှင့် ရခိုင် ပြည်နယ် ပင်လယ်ကမ်းခြေတစ်လျှောက် သွားလာနိုင်မည်ဖြစ်ပြီး ဒေသတွင်း ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း သိရသည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် ပုသိမ်မြို့ ရွှေတောင်ကျောင်းတိုက် ဆရာတော်နှင့် မင်္ဂလာစံကျောင်းတိုက် ဆရာတော်တို့အား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ 
-
ယင်းနောက် နိုင်ငံတော်သမ္မတသည် ပုသိမ်ပြည်သူ့ဆေးရုံကြီး ခုတင်-၅ဝဝ ကိုးထပ် တိုးချဲ့လူနာဆောင် တည်ဆောက် ရေး ရှင်းလင်းဆောင်သို့ရောက်ရှိရာ ပုသိမ်ဆေးရုံ အုပ်ကြီး ဒေါက်တာမျိုးသန့်က ဆေးရုံ တည် ဆောက်ရေး လုပ်ငန်းနှင့်စပ်လျဉ်း၍ နှစ်အလိုက် ဘဏ္ဍာငွေရရှိမှု၊ လုပ်ငန်းပြီးစီးမှုပမာဏ၊ လုပ်ငန်းအပ်နှံ ခဲ့မှု အဆင့်ဆင့်နှင့် ဆေးရုံအတွက် ဆောင်ရွက် ရန်လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။ 
-
တင်ပြချက်အပေါ် နိုင်ငံတော်သမ္မတက ယခုဆေးရုံကိုးထပ်ဆောင် တည်ဆောက်မှုနှင့်စပ်လျဉ်း၍ ဥပဒေ၊ တင်ဒါ စည်းမျဉ်း စည်းကမ်းများနှင့်အညီ တိတိကျကျလိုက်နာ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကျန်းမာရေး နှင့်အားကစား ဝန်ကြီး ဌာနနှင့် တိုင်းဒေသကြီး အစိုးရတို့ပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြောကြားပြီး တည် ဆောက်ဆဲကိုးထပ်ဆောင်ကို လိုက်လံကြည့်ရှု စစ်ဆေးသည်။ ဆက်လက်၍ နိုင်ငံတော်သမ္မတသည် ပုသိမ် ဆေးရုံကြီးတွင် တက်ရောက်ဆေးကုနေကြသည့် လူနာများကို ကြည့်ရှု အားပေး စကား ပြောကြားပြီး ထောက်ပံ့ငွေများကို ပေးအပ်သည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ပုသိမ်မြို့မှ တပ်မတော်အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာလာရာ မွန်းလွဲ ပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment