Pages

Thursday, October 4, 2018

ရွှေတိဂုံစေတီတော် ကုန်းတော်မြေ ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများကို နိုဝင်ဘာလအတွင်း စတင် ဆောင်ရွက်မည်


ရန်ကုန် အောက်တိုဘာ ၃
-
ရွှေတိဂုံစေတီတော် ကုန်းတော်မြေပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများကို  နိုဝင်ဘာလအတွင်း  စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း  ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။
-
ရွှေတိဂုံစေတီတော်  ကုန်းတော်မြေအား ရေရှည်တည်တံ့စေရန် ဆောင်ရွက်ခြင်းဖြစ်ပြီး  လက်ရှိတွင်  စေတီတော်၏ မဟာရံတံတိုင်း လေးခုအနက် ဒုတိယမဟာရံတံတိုင်းနှင့် အနောက်ဘက်မုခ် အနောက်တောင်ဘက်ရှိ စောင်းတန်း တစ်လျှောက်တွင် ရေဝင်ရောက်လျက် ရှိသည်။ ထို့ပြင် ရေတိုက်စားမှုများနှင့် စွန့်ပစ်ပစ္စည်းများကြောင့်  မဟာရံတံတိုင်း အက်ကွဲခြင်း၊  မြေသားနိမ့်ကျခြင်းနှင့်  ယိမ်းယိုင်ခြင်းများ ဖြစ်ပေါ်လျက်ရှိရာ မြေသားထိန်းသိမ်း နည်းပညာဖြစ်သည့်  ဘိုးပိုင်တည်ဆောက်ခြင်းဖြင့် ပြန်လည်ထိန်းသိမ်းမည် ဖြစ်သည်။  လက်ရှိတွင်  ပြုပြင်ထိန်းသိမ်း တည်ဆောက်မည့်  ဒီဇိုင်းမူကြမ်းကို  ရေးဆွဲ ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
-
ရွှေတိဂုံစေတီတော်ရင်ပြင်သည် ၁၄ ဧကမျှရှိပြီး  မြေသားဖို့ထားသည့် အကျယ်အဝန်းသည်  ၁၁၄  ဧကရှိသည်။ ရင်ပြင်တော် ထိန်းသိမ်းခြင်း လုပ်ငန်းများနှင့် တည်တံ့ခိုင်မြဲရေးအတွက် ဆောက်လုပ်ရေးဝန်ကြီး ဌာနအနေဖြင့်  လွန်ခဲ့သည့်  နှစ်ပေါင်း ၅ဝ ကတည်းကသက်ဆိုင်ရာဝန်ကြီးဌာန၊ စေတီတော်ဂေါပက အဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်ခဲ့သည်။လက်ရှိတွင်  ရွှေတိဂုံစေတီတော် မြေကျွံမှုများ ဖြစ်ပေါ်နေသည့် ရာဟုထောင့်နှင့်   အနောက်တောင်ဘက် မဟာရံတံတိုင်းကို ပြန်လည်ပြုပြင် ထိန်းသိမ်းရန် နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားထားကာ ပြုပြင်ထိန်းသိမ်းခြင်းကို ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့်   မြန်မာနိုင်ငံ အင်ဂျင်နီယာများ အသင်းတို့ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်သည်။
-
လက်ရှိရေးဆွဲထားသော ဒီဇိုင်းတွင် ဘိုးပိုင်နှစ်တန်း ပါဝင်ပြီး အဆိုပါ ဒီဇိုင်းကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနသို့ တင်ပြ၍  သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ဂေါပက အဖွဲ့နှင့်ညှိနှိုင်း၍ ပြုပြင်ထိန်းသိမ်းမည့် လုပ်ငန်းစဉ်များကို အမြန်ဆုံးစတင်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။  
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment