Pages

Friday, October 26, 2018

သီတင်းကျွတ် လပြည့်နေ့တွင် ညောင်တုန်းမြို့ အတုလမာရဇိန် သွန်းဘုရားကြီးနှင့် စေတီပုထိုးများ၊ လမ်းအသီးသီး၌ ဘုရားဖူးသူများဖြင့် အထူးစည်ကား

သီတင်းကျွတ် လပြည့်နေ့တွင် ညောင်တုန်းမြို့ အတုလမာရဇိန် သွန်းဘုရားကြီးနှင့် စေတီပုထိုးများ၊ လမ်းအသီးသီး၌ ဘုရားဖူးသူများဖြင့် အထူးစည်ကား
ညောင်တုန်း  အောက်တိုဘာ  ၂၅
-
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့အမှတ်(၂)ရပ်ကွက် လမ်းမတော်လမ်းရှိ အတုလမာရဇိန်သွန်းဘုရား ရုပ်ပွားတော်မြတ်ကြီးတွင် နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)နှင့် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့တို့၌ အမှတ်(၂)အမျိုးသား လူငယ်အသင်းနှင့် ဘုရားဂေါပကအဖွဲ့တို့က ကြီးမှူး၍ ဆီမီး၊ ပန်း၊ ရေချမ်းနှင့် သီတင်းကျွတ် မီးထွန်းပွဲတော် ဆီမီး၊ ပန်း ပူဇော်ကန်တော့ပွဲကို  အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပကြကြောင်း သိရသည်။ 
-
ထို့ပြင်  ရပ်ကွက်တိုင်း၊ လမ်းတိုင်းတွင်လည်း တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ပြန်လည်ကြွချီလာသည့် မြတ်စွာဘုရားအား ဆီမီးရောင်စုံများ ထွန်းညှိလျက် ကြိုဆိုပူဇော်ကြသည်။ 
-
ထို့ပြင် ညောင်တုန်းမြို့၏ မြို့ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် မြို့ဦးမိုးဟုတ် စေတီတော်မြတ်ကြီး၊ နိုင်ငံအေးဘုရားကြီးနှင့် ဥသျှစ်လျှစေတီတို့တွင်လည်း သီတင်းကျွတ် လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့) နံနက် အရုဏ်တက်တွင် ဆီမီး ၁ဝဝဝ ၊ ကြာပန်း ၁ဝဝဝ၊ ဆွမ်း ၁ဝဝဝ၊ တံခွန် ၁ဝဝဝ လှူဒါန်း ပူဇော်ပွဲ၊ ဆီမီးထွန်းညှိပူဇော်သည့် ဘုရားဖူး ဧည့်သည်များဖြင့် အထူးစည်ကားလျက် ရှိသည်။ 
-
အလားတူအမှတ်(၈)ရပ်ကွက်သီတာလမ်း၊ မိုးဟုတ်ဘုရားကြီးလမ်း တစ်လျှောက်၊ တောရ ကျောင်းလမ်း၊ တိုက်သစ်လမ်းတစ်လျှောက်၊ အောင်ရတနာလမ်း၊  ဉာဏဗလလမ်း၊ မြို့မလမ်းမတော်လမ်း တစ်လျှောက်နှင့် အမှတ်(၁) ရပ်ကွက်၊ အမှတ် (၉)ရပ်ကွက်၊ အမှတ်(၁ဝ)ရပ်ကွက်ရှိ လမ်းအသီးသီးတို့တွင် တာဝတိံသာ ဘုရားပွဲလှည့်လည် ပူဇော်ခြင်း၊ မြတ်စွာဘုရားရှင်အား လျှပ်စစ်ဆီမီးရောင်စုံများ ထွန်းညှိပူဇော်ခြင်း၊ ဆီမီးအလင်းတိုင်များ ထွန်းညှိပူဇော်ခြင်းများ၊ စတုဒိတာကျွေးမွေးခြင်း၊ ဆန်၊ ဆီ၊ ဆား၊ အဝတ်အထည်များ လှူဒါန်းပေးကမ်းခြင်းနှင့် ပျော်ပွဲရွှင်ပွဲများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ဧည့်သည်များ၊ ဒေသခံများဖြင့် စည်ကားလျက် ရှိကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment