Pages

Monday, October 29, 2018

(၈၆၅)ကြိမ်မြောက် တနင်္သာရီရိုးရာ ယဉ်ကျေးမှု နဂါးလှေသဘင်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

(၈၆၅)ကြိမ်မြောက် တနင်္သာရီရိုးရာ ယဉ်ကျေးမှု နဂါးလှေသဘင်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ
-
မြိတ် အောက်တိုဘာ ၂၈
-
 တနင်္သာရီမြို့နယ်၏  ရှေးဟောင်းရိုးရာ အမွေအနှစ်တစ်ခုဖြစ်သော တနင်္သာရီရိုးရာ နဂါးလှေတော် ဧဇာခေါ်ဆိုခြင်းနှင့် မင်္ဂလာရေခင်းသဘင် (၈၆၅)ကြိမ်မြောက် အခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် တနင်္သာရီမြစ်ဆုံ၊ ချောင်းကြီးမြစ်နှင့် ချောင်းငယ်မြစ်ခေါ် ညီနောင်မြစ်နှစ်သွယ်၏   ရေပြင်အတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်း သိရသည်။
-
 ရှေးဦးစွာ တနင်္သာရီရိုးရာနဂါးလှေတော် ဧဇာခေါ်ဆိုခြင်းနှင့်  မင်္ဂလာရေခင်းသဘင် (၈၆၅)ကြိမ်မြောက်  အခမ်းအနားကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များဖြစ်သော ဦးအောင်သူရ၊  ဦးခင်မောင်စိုး၊   ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်  ဦးအောင်ကျော်ဟိန်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။  
-
တနင်္သာရီရိုးရာယဉ်ကျေးမှု  နဂါးလှေတော်ကြီးများသည် ခေါင်းဆေးမင်္ဂလာ မဏ္ဍပ်မှ စတင်ကာ  တနင်္သာရီမြို့ကို လက်ယာရစ် လှော်ခတ်၍   ဧဇာခေါ်ဆိုပြီး တန်ခိုးကြီး ရှေးဟောင်းဘုရားများ ဖြစ်သည့် မြဝတ်ဆင်၊လေသာ၊ နဝထပ်၊ ခြေတော်ရာ၊ ရန်အောင်မြင်၊ နန်းဦးစေတီတော်များနှင့်   ဆရာတော်၊ သံဃာတော်ကြီးများအား ဦးခိုက်ပူဇော်ကြပြီး ချောင်းကြီးကျောင်းတိုက် ဦးစီးပဓာန သက်တော်ရှည်ဆရာတော် ဘဒ္ဒန္တအရှင်ပညာဒီပမဟာထေရ်ထံမှ အန္တရာယ်ကင်းစေရန်  နဂါးလှေတော် များကို ပရိတ်မေတ္တာရေစင် သွန်းလောင်းပေးသည်။ 
-
ထို့နောက်  နဂါးလှေတော်များက အလှပြယှဉ်ပြိုင် လှော်ခတ်ခြင်း၊   တနင်္သာရီရိုးရာ ယဉ်ကျေးမှုတစ်ခုဖြစ်သော နဂါးလှေတော်ပွဲကို ကြည့်ရှုအားပေးကြသော  ဧည့်ပရိသတ် များကို နှုတ်ဆက်အလှပြ လှော်ခတ်ခြင်းများ ပြုလုပ်ကြပြီး   ခေါင်းဆေးမင်္ဂလာ မဏ္ဍပ်၌ ခေါင်းဆေးမင်္ဂလာပြုလုပ်ကြသည်။ 
-
အဆိုပါ နဂါးလှေသဘင်ပွဲတော်တွင် တနင်္သာရီမြို့ ချောင်းကြီးကျောင်းတိုက်မှ ရွှေနန်းသာရီ နဂါးလှေတော်နှင့် ငွေနန်းသာရီ နဂါးလှေတော်နှစ်စင်း၊ တနင်္သာရီမြို့ လယ်သစ်ကျေးရွာ ကျောင်းကြီးကျောင်းတိုက်မှ  မြကြီးအောင် နဂါးလှေတော်နှင့်   ရန်ကြီးအောင် နဂါးလှေတော်နှစ်စင်း၊ တနင်္သာရီမြို့ လယ်သစ် ကျေးရွာအရှေ့ကျောင်းတိုက်မှ   ပတ္တမြား သွယ်နဂါးလှေတော်နှင့်   စိန်ပန်းသွယ်နဂါး လှေတော်နှစ်စင်း စုစုပေါင်း နဂါးလှေတော် ခြောက်စင်းနှင့် ကယ်ဆယ်ရေးလှေ၊ ကြက်ခြေနီလှေတို့ ပူးပေါင်းပါဝင်ပြီး ယင်းနဂါးလှေတော် တစ်စင်းတွင် မင်္ဂလာဦးပေါက်တစ်ဦး၊ ဦးပေါက် အကူ နှစ်ဦး၊ ဝမ်းလယ်လှော်ခတ်သူ ၃၁ ဦး၊ ရေပက်သူ တစ်ဦး၊ တူရိယာ တီးခတ်သူ(ဗုံ၊ သံလွင်၊ နှဲ၊ မောင်း) လေးဦး၊ပဲ့အကူ လေးဦးနှင့် ပဲ့နင်းတစ်ဦး  စသည့် ဖွဲ့စည်းပုံအတိုင်း   စုစုပေါင်း ၄၄ ဦးပါဝင် လှော်ခတ်ကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment