Pages

Friday, October 26, 2018

မဟာစေတီလှ ဘုရားပွဲတော်ကြီး၌ ကပြသည့် မြန်မာ့ရိုးရာ နဂါးအကကို ကြည့်ရှုအားပေးသူ များပြား

မဟာစေတီလှ ဘုရားပွဲတော်ကြီး၌ ကပြသည့်  မြန်မာ့ရိုးရာ နဂါးအကကို ကြည့်ရှုအားပေးသူ များပြား
မုံရွာ အောက်တိုဘာ ၂၅
-
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နှင့် ၁ဝ မိုင်ခန့်အကွာ သာစည်ကျေးရွာရှိ မဟာစေတီလှ စေတီတော်ကြီး၌ နှစ်စဉ်သီတင်းကျွတ် လပြည့်နေ့တွင်ဘုရားပွဲ ကျင်းပရာ သာစည်နယ်ပိုင်  ကျေးရွာ ၆၄ ရွာမှ   ကျေးရွာသူ၊ ကျေးရွာသားများက မိမိတို့ဒေသ ထွက်သော သီးနှံများ နှစ်စဉ်ပေါကြွယ်ဝစေရေး အတွက် စေတီတော်ကြီးတွင် ကြဲပက်၍ လှူဒါန်းကြပြီး အချို့ကျေးရွာများမှ မြန်မာ့ရိုးရာနဂါးအကဖြင့် စေတီတော်ကြီးအား  လာရောက်ပူဇော်ကြကြောင်း သိရသည်။
-
''နဂါးအကဟာ စုပေါင်းပြီး ညီညွတ်မှုနဲ့ ကရတဲ့အကပါ၊ လူငယ်တွေ ကျန်းမာသန်စွမ်းမယ်၊ စည်းလုံးမှုရှိမယ်၊ ရပ်ရေးရွာရေးတွေကို စည်းလုံးမှုနဲ့ ဝိုင်းဝန်း လုပ်ဆောင်နိုင်ကြမယ်ဆိုတဲ့ အချက်တွေလည်း ပါတယ်။ အဲဒီရည်ရွယ်ချက်တွေကို  အစဉ်အဆက် လက်ဆင့်ကမ်းပြီး ကျွန်တော်တို့က အကောင်အထည် ဖော်တာပါ။ နဂါးအက တစ်ခါကရင် ရှစ်ဦးကရတယ်။ ဒီနဂါးအကဟာလည်း နှစ်စဉ်မပြတ် ဘုရားပွဲရောက်တိုင်း ကပြပြီးပူဇော်ကြ တာ။ ဝါတွင်းကာလမှာ နဂါးအကကို လေ့ကျင့်တဲ့အနေနဲ့ လူငယ်တွေက ကျေးရွာအတွင်းမှာ လှည့်ပြီးကရင်းနဲ့ အလှူခံကြတယ်။ အဲဒီကရတဲ့ အလှူငွေတွေ စုပေါင်းပြီး သီတင်းကျွတ်လပြည့်နေ့ မဟာစေတီလှ ဘုရားပွဲတော်မှာ ပွဲတက်သွားပြီး နဂါးအက ကရင်းနဲ့ ရွှေဖိုးငွေတွေ လှူကြတယ်။ ဘုရားပွဲတော်နေ့မှာ နဂါးအကနဲ့ စေတီတော်ကို တစ်ပတ်လှည့်လည်ပြီးကကြတယ်။ ပြီးတာနဲ့ နဂါးရဲ့ကိုယ်ထည်ကို ဘုရားမှာလှူခဲ့တယ်။ ဒါက  နှစ်စဉ်လုပ်နေကျ အတိုင်းပါပဲ''  ဟု သစ်ကျင်းကြီး နဂါးအကအဖွဲ့   ကြီးကြပ်သူ ဦးဇော်မျိုးလွင် ကပြောသည်။
-
မြန်မာ့ရိုးရာနဂါးအကကို ယခင်က သာစည်နယ်ပိုင် ၆၄ ရွာရှိသည့်အထဲမှ ကျေးရွာ ၂ဝ ခန့် ပါဝင်ကပြခဲ့ကြသော်လည်း ယခုအခါတွင် ညောင်ထူးကြီးကျေးရွာနှင့် သစ်ကျင်းကြီးကျေးရွာ နှစ်ရွာသာ ကပြကြရာ ဘုရားပွဲသို့ လာရောက်ကြသည့်  ပရိသတ်များက စိတ်ဝင်တစားကြည့်ရှု အားပေးကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment