Pages

Tuesday, October 2, 2018

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မဏိပူရ်မြစ်ကူးဗားရ်တံတား တည်ဆောက်ရန် လျာထားသည့် နေရာ၊ ဝေဘူလလမ်း၊ ဘုတ်ဗားရ်တံတား တည်ဆောက်ရေး လုပ်ငန်းခွင်နှင့် မဏိပူရ ရေလှောင်တမံတို့အား ကြည့်ရှု စစ်ဆေး


နေပြည်တော် အောက်တိုဘာ ၁
-
ဖလမ်းမြို့၌ ရောက်ရှိနေသော ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ဦးအောင်ထူး၊ ဦးကျော်လင်း၊  တာဝန်ရှိသူများနှင့်အတူ ယမန်နေ့  နံနက်ပိုင်းက  ကလေး-ဖလမ်း-ဟားခါးလမ်း  မိုင်တိုင်အမှတ် (၆၈/၅) အနီး မဏိပူရ်မြစ်ကူးဗားရ် တံတားအသစ် တည်ဆောက်ရန် လျာထားသည့်နေရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ ဒုတိယဝန်ကြီး ဦးကျော်လင်းနှင့် တာဝန်ရှိသူများက တံတားဆောက်လုပ်မည့် နေရာရွေးချယ်ထားမှုနှင့် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်သွားမည့် အစီအစဉ်ကို ရှင်းလင်းတင်ပြသည်။
-
ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် ကလေး-နတ်ချောင်း-ဗားရ်-ဖလမ်းကို ဆက်သွယ်ပေးသည့် ဝေဘူလလမ်းပြုပြင်ခြင်း၊ လမ်းသားချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်ထားမှုနှင့် လမ်း၏ အခြေအနေကို မော်တော်ယာဉ်များဖြင့် ဖြတ်သန်းကြည့်ရှု စစ်ဆေးသည်။
-
ထို့နောက် ယင်းလမ်းပေါ်ရှိဘုတ်ဗားရ်တံတား တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိကြရာ ဒုတိယဝန်ကြီး ဦးကျော်လင်းနှင့် တာဝန်ရှိသူများက တံတားဆိုင်ရာ အချက်အလက်များ၊ ဘဏ္ဍာငွေရရှိမှုနှင့် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။
-
ယင်းနောက် ဝေဘူလမြို့သို့ ရောက်ရှိရာ ဒေသခံများက ရိုးရာယဉ်ကျေးမှု အကများဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။ ဆက်လက်၍ မဏိပူရရေလှောင်တမံ ဘက်စုံစီမံကိန်းသို့ ရောက်ရှိကြရာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ ရန်ပုံငွေ လိုအပ်ချက်နှင့် နှစ်အလိုက် ရန်ပုံငွေသုံးစွဲမှု၊ စီမံကိန်း အကောင်အထည်ဖော် ပြီးစီးမှု၊ B.O.T  စနစ်ဖြင့် လွှဲပြောင်း ဆောင်ရွက်နိုင်ရေး ဆောင်ရွက်ထားမှုနှင့် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်   ဒေါက်တာမြင့်နိုင်နှင့် ချင်းပြည်နယ် ဝန်ကြီးချုပ်  ဆလိုင်းလျန်လွယ်တို့က ဖြည့်စွက်ရှင်းလင်း တင်ပြကြ သည်။
-
တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက မဏိပူရရေလှောင်တမံ စီမံကိန်းသည် စိုက်ပျိုးရေအတွက်သာမက လျှပ်စစ်ဓာတ်အားပါ ထုတ်လုပ်နိုင်မည့် စီမံကိန်းတစ်ခု ဖြစ်ကြောင်း၊ တမံတည်ဆောက်ခြင်းအားဖြင့် မဏိပူရ်မြစ် ရေလမ်းကြောင်း ကောင်းမွန်လာမည်ဖြစ်ပြီး ကုန်စည်သယ်ဆောင်မှုနှင့် ခရီးသွားလာမှု လုပ်ငန်းများကိုပါ များစွာ အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း၊ ယခုစီမံကိန်းသည် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးကို တိုက်ရိုက်အကျိုးပြုနိုင်မည့် စီမံကိန်းဖြစ်သည့်အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် လိုကြောင်း ပြောကြားပြီး ရှုရပ်မှနေ၍ မဏိပူရရေလှောင်တမံ စီမံကိန်း ဆောင်ရွက်ထားမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
-
မဏိပူရရေလှောင်တမံ ဘက်စုံစီမံကိန်းသည် ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်း၌ ရှိပြီး မြစ်သာမြစ်၏ အကြီးဆုံး မြစ်လက်တက် ဖြစ်သော မဏိပူရ်မြစ်ပေါ်တွင် တည်ရှိသည်။ အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်ခြင်းဖြင့် ဒေသတွင်း လယ်မြေဧရိယာဧက ၈ဝဝဝဝ ခန့် စိုက်ပျိုးရေ ပေးဝေနိုင်မည်ဖြစ်ကြောင်း၊မူလဒီဇိုင်းအတိုင်း တည်ဆောက်နိုင်မည်ဆိုပါက ရေအားလျှပ်စစ် ၃၈ဝ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး မြစ်သာမြစ်ဝှမ်းရှိ ကလေးလွင်ပြင်ဒေသ  ရေကြီးနစ်မြုပ်မှု လျော့ပါးသက်သာ စေမည်ဖြစ်ကြောင်း သိရသည်။
-
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် ကလေးမြို့မှ မြန်မာအမျိုးသား လေကြောင်းဖြင့် ပြန်လည်ထွက်ခွာရာ  မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။
-
(သတင်းစဉ်)

No comments:

Post a Comment