Pages

Monday, September 3, 2018

ရေနှစ်မြုပ်မှုဖြစ်ပွားခဲ့သည့် ရွှေလေးတောကျေးရွာရှိ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်၊ ကျေးရွာစာသင်ကျောင်း၌ သန့်ရှင်းရေးပြုလုပ်


တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးစဉ်။


တပ်မတော်သားများက အခြေခံပညာကျောင်းအတွင်း ရေဝင်ရောက်မှုကြောင့် တင်ကျန်ခဲ့သည့် နုန်းမြေများကို သန့်ရှင်းရေးပြုလုပ်ပေးစဉ်။

တပ်မတော်မှ City Bus မော်တော်ယာဉ်ဖြင့် ခရီးသည်များနှင့် ဝန်ထမ်းများအား ပို့ဆောင်ပေးစဉ်။

နေပြည်တော် ၃-၉-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်ဆွာမြို့ ဆွာချောင်း ရေလှောင်တမံ၏ ရေပိုလွှဲတံခါး ကျိုးပေါက်ပြီး ရေကြီးနစ်မြုပ်မှု ဖြစ်ပွားခဲ့သော ကျေးရွာများတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ရေတာရှည်တပ်နယ်နှင့် တောင်ငူတပ်နယ် တို့မှ တပ်မတော်သားများက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် တောင်ငူမြို့နယ် ရွှေလေးတောကျေးရွာမှ ဒေသခံပြည်သူများကို တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ဓမ္မရက္ခိတ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ ၁၁၃ဦးကို သွေးတိုးရောဂါ၊ မျက်စိရောဂါ၊ တုပ်ကွေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသမှုများ ဆောင်ရွက် ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော လူနာငါးဦးကို တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ထို့ပြင် တောင်ငူနှင့် ရေတာရှည်တပ်နယ်တို့မှ တပ်မတော်သားများက တောင်ငူမြို့နယ် အနောက်ဆင်ရွာ အခြေခံပညာ အလယ်တန်းကျောင်း၊ ရေတာရှည်မြို့နယ် ထောက်ကြန့်ကွင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)နှင့် သရက်တောရေနီးကျေးရွာ အခြေခံပညာမူလတန်း ကျောင်းတို့၌ ရေဝင်ရောက်မှုကြောင့် တင်ကျန်ခဲ့သည့် နုန်းမြေများ၊ အမှိုက်များ၊ သစ်ပင်သစ်ကိုင်းများ၊ ချုံနွယ်များ ဖယ်ရှားရှင်းလင်းပေးခြင်းနှင့် ကျောင်းများအတွင်း၊အပြင်သန့်ရှင်းရေး ပြုလုပ်ခြင်းများ ဆောင်ရွက်ပေးသည်။

၎င်းအပြင် ရန်ကုန်-မန္တလေးရထားလမ်း ရေတာရှည်နှင့် ဆွာဘူတာကြား ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့သည့်နေရာကို ပြန်လည်ပြုပြင် နေသည့်အတွက် ရန်ကုန်မန္တလေး အဆန်ရထားခရီးစဉ်အမှတ်(၁၁)မှ ခရီးသည်၄၂၈ဦး၊ ဝန်ထမ်းဦးရေ ၂ဝတို့ကို ရေတာရှည်ဘူတာမှ ဆွာဘူတာသို့ လည်းကောင်း၊ မန္တလေး-ရန်ကုန်အစုန် ရထားခရီးစဉ်အမှတ်(၁၂)မှ ခရီးသည် ၃၉၈ဦးနှင့် ဝန်ထမ်းဦးရေ ၂ဝတို့ကို ဆွာဘူတာမှ ရေတာရှည်ဘူတာသို့လည်းကောင်း တပ်မတော်မှ City Bus မော်တော်ယာဉ် ၁၆စီးဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment