Pages

Thursday, September 27, 2018

ဦးဇော်ဝင်းအမှုရုံးချိန်းတွင် သေနတ်ဖြင့်ပစ်မည်ဟု ခြိမ်းခြောက်မှုဖြစ်



မန္တလေး ၂၇-၉-၂ဝ၁၈

ပြည်ကြီး တံခွန်မြို့နယ် တရားရုံးတွင် နိုင်ငံတော် အကြည်အညို ပျက်စေမှု၊ ဝတ္တရား နှောင့်ယှက်မှုတို့ဖြင့် တရားစွဲဆို ခံထားရသည့် ရှေ့နေကြီး ဦးဇော်ဝင်း၏ အမှုရုံးချိန်းတွင် တရားသူကြီးနှင့် ဦးဇော်ဝင်းတို့ စကား အချေအတင် ဖြစ်ရာမှ တာဝန်ကျ ရဲအရာရှိက သေနတ်ဖြင့်ပစ်မည်ဟု ခြိမ်းခြောက်မှုထိ ဖြစ်ပွားခဲ့ကြောင်း ရုံးချိန်းတွင် လာရောက်ဝန်းရံသူ ဦးသိန်းအောင်မြင့်က ပြောပြသည်။

ယင်းသို့ ဖြစ်ပွားနေချိန်တွင် လုံခြုံရေးတာဝန် ဆောင်ရွက်နေသည့် ရဲတစ်ဦးမှာ အရက်မူးနေကြောင်း၊ အရက်သောက်ထားသူ လက်ထဲ သေနတ်ရောက်သွားပါက မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ယင်းကိစ္စနှင့် ပတ်သက်ပြီး တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံလည်း အကြောင်းကြား ထားကြောင်း သိရသည်။

"ဒီအပေါ်မှာ အစ်ကိုတို့က ဒါမဖြစ်သင့်ဘူး။ ရဲကျင့်ဝတ်၊ ရဲဥပဒေချိုးဖောက်တာပဲ။ ဒီတရားခွင်ထဲကို စိတ်ဝင်စားလို့ လာတာပဲဖြစ်ဖြစ်၊ ဝန်းရံတာပဲဖြစ်ဖြစ် ဒီကိုလာတဲ့ ပြည်သူတွေ အနေနဲ့ကြည့်ရင် ဒါဟာလက်နက်ကိုင်ပြီး ခြိမ်းခြောက် လိုက်တာလို့ပဲ မြင်ပါတယ်။ ရဲတွေအတွက်လဲ မလိုလားအပ်တဲ့ ပြဿနာ တွေဖြစ်သွား နိုင်တယ်။ ဒါနဲ့ပတ်သက် ပြီးတော့လဲ ရဲတပ်ဖွဲ့ကို အကြောင်းထားတယ်။ သူတို့ကလဲမျှတအောင် ဆောင်ရွက်ပေးမယ်ဆိုပြီး ပြောတယ်"ဟု ဦးသိန်းအောင်မြင့်က ပြောပြသည်။

မတ္တရာမြို့နယ် တရားရုံး၊ တရားခွင်တွင် ဖိနပ်ဖြင့် ပစ်ပေါက်ခဲ့သည့် အတွက် အမှုရင်ဆိုင်နေရသည့် ရှေ့နေ ဦးဇော်ဝင်းသည် မတ် ၁၅ ရက်က ပြည်ကြီးတံခွန်မြို့နယ် တရားရုံးဝင်းအတွင်း တွဲဖက်မြို့နယ် တရားသူကြီး၏ တရားခွင်စစ်ဆေး ခဲ့သည့်အမှု တစ်ခုနှင့် ပတ်သက်ပြီး မကျေမနပ်ဖြစ်ကာ တရားခွင်ရှေ့က ဆိုင်းဘုတ်တစ်ခုကို တရားခွင်စစ် ဆေးပြီးချိန်တွင် ဖိနပ်ဖြင့်ပစ်ပေါက်ခဲ့ရာ တွဲဖက်တရားသူကြီးက တိုင်တန်း ခဲ့သည့်အတွက် ပုဒ်မလေးခုဖြင့် အမှုဖွင့်ထားခြင်း ဖြစ်သည်။

ဦးဇော်ဝင်းအနေဖြင့် တရားစီရင်ရေးကို ပုတ်ခတ်ပြောဆိုခြင်း၊ အသုံးမကျသည့် ရုံးဟူသော စကားလုံးဖြင့် တရားသူကြီးတို့ကို ညစ်ညမ်းစွာဆဲဆိုခြင်း၊ တရားသူကြီး ကိုဝင်ရိုက်မည်ဟု ပြောဆိုခြင်း၊ နိုင်ငံတော်အဆင့် လူကြီးများကို မလေးစားစေရန် လှုံ့ဆော်ပြောဆိုခြင်း၊ တရားရုံးဝင်းအတွင်း၊ အနီးဝန်းကျင်နှင့် တရားခွင် အမှုစစ်ဆေး ခြင်းတို့ကို ခွင့်ပြုချက်မရှိဘဲ လက်ကိုင်ဖုန်းဖြင့် ဗီဒီယို၊ ဓာတ်ပုံရိုက်ကူး ခြင်းတို့ကို ဆောင်ရွက်ကြောင်း ဒုတိယမြို့နယ် တရားသူကြီး ဒေါ်စုသက်ငုံက တိုင်ကြားထားသည်။

တွဲဖက်တရားသူကြီး ဒေါ်စုသက်ငုံ၏ တိုင်ကြားချက်ကြောင့် ဦးဇော်ဝင်းကို ပြည်ကြီးတံခွန် မြို့မရဲစခန်းက (၇)၁၆ဝ/၂ဝ၁၈၊ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၄/၃၅၃/၂၂၈/၅ဝ၆ တို့ဖြင့် တရားရုံးတွင် စစ်ဆေးနေကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment