Pages

Thursday, September 27, 2018

လှိုင်သာယာမြို့နယ်၌ သေနတ်ပစ်ခတ်မှုဖြစ်ပွား၊ တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရရှိ



ရန်ကုန် ၂၇-၉-၂ဝ၁၈

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၌ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ တစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်သူ လေးဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အလျင်အမြန်ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ လှိုင်သာယာမြို့နယ် အပြင်ပဒံကျေးရွာ ဆန်စက်လမ်းနေ ခင်မောင်လွင် (ခ) ဝကြီး (အသက် ၅၆ နှစ်) နှင့် အောင်မင်းဦးတို့ အတူရှိနေစဉ် တွံတေးမြို့နယ် မင်းပိုင်းရပ်ကွက်နေ စောလမွန်(ခ)ကိုစော အပါအဝင်
လေးဦးအငှားယာဉ် တစ်စီးဖြင့်ရောက်ရှိ လာကြောင်း၊ စောလမွန် (ခ) ကိုစောက ၎င်းတို့ ရရန်ရှိသည့် ခြံစည်းရိုး ခတ်ခပေးချေရန် ကျန်ငွေကျပ်သိန်း ၃၃ဝကို ခင်မောင်လွင်(ခ)ဝကြီးထံ တောင်းခံရာမှမရသဖြင့် အပြန်အလှန်စကားများပြီး စောလမွန် (ခ) ကိုစောတို့အဖွဲ့က ပစ္စတိုသေနတ်ဖြင့် အနီးကပ် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ခင်မောင်လွင် (ခ) ဝကြီးတွင် ယာနားထင်၊ ဦးခေါင်းနောက်စေ့အောက် ကျည်ဖောက်ဝင် ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း၊ အောင်မင်းဦးအား ၎င်းတို့လေးဦးက ဝိုင်းဝန်းထိုးကြိတ်သဖြင့် ဒဏ်ရာများရရှိခဲ့ပြီး ၎င်းအဖွဲ့က အောင်မင်းဦးကို လာရောက်သည့် အငှားယာဉ်ဖြင့် ဖမ်းဆီးခေါ်ဆောင်ကာ မအူပင်မြို့ဘက်သို့ ထွက်သည့်ကားလမ်း အတိုင်းထွက်ခွာ သွားခဲ့ကြောင်း သိရသည်။

အဆိုပါသတင်း ရလျှင်ရချင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က လိုက်လံပိတ်ဆို့ ဖမ်းဆီးရာ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ၎င်းတို့အဖွဲ့ ငှားရမ်းစီးနင်းလာသည့် အငှားယာဉ်နှင့် ယာဉ်မောင်းတို့မှတစ်ဆင့် သတင်းဆက်ရရှိပြီး အောင်ထွန်းချောင်း အတိုင်း စက်လှေဖြင့် တွံတေးတူးမြောင်း ဘက်သို့ထွက်ပြေး သွားကြောင်း သိရှိရ၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရေကြောင်းရဲတပ်ဖွဲ့က ရေယာဉ်များဖြင့် ပူးပေါင်းပိတ်ဆို့ဖော်ထုတ်ရာ တွံတေးမြို့နယ် ရေကျော်လေးကျေးရွာရှိ ငါးကန်စောင့်တဲတစ်ခုအတွင်း အောင်မင်းဦးကို ဒဏ်ရာများဖြင့် တွေ့ရှိရသဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်များက ညနေ ၃နာရီ မိနစ် ၄ဝခန့်တွင် တွံတေးမြို့နယ် ရေကျော်လေး ကျေးရွာအနီး အခြားငါးကန် ပေါင်များပေါ်၌ စောလမွန် (ခ)ကိုစော အပါအဝင် လေးဦးကို တွေ့ရှိသဖြင့် ခြောက်လှန့်ပစ်ခတ်ပြီး ဖမ်းဆီးခဲ့ရာ စောလမွန်(ခ)ကိုစောနှင့် အဖွဲ့ကို ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ပွိုင့် ၄၅ပစ္စတိုတစ်လက်၊ ၎င်းကျည်တစ်တောင့်၊ ရီမင်တန် တစ်လုံးထိုးသေနတ် တစ်လက်၊ ၎င်းကျည်ငါးတောင့်တို့နှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖြစ်စဉ်အသေးစိတ် အခြေအနေ၊ သေနတ် လက်ဝယ်ရရှိမှု အခြေအနေတို့ကို ဆက်လက်ဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

#  မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment