Pages

Thursday, September 27, 2018

အနောက်တောင်တိုင်း စစ်ဌာနချုပ်၏ ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲပြုလုပ်၊ သံဃာတော်များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်





နေပြည်တော် ၂၇-၉-၂ဝ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ သီတဂူဗုဒ္ဓ ဒီပလိုမာ သင်တန်းကျောင်း၊ အောင်မြေဘုံသာ ကျောင်းတိုက်သို့ အနောက်တောင်တိုင်း စစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများက လှူဒါန်းသည့် ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် သဗ္ဗမင်္ဂလာဇယသိဒ္ဓိ သိမ်တော်ကြီး၌ ပြုလုပ်သည်။ 

အဆိုပါလှူဒါန်းပွဲသို့ အောင်မြေဘုံသာ ကျောင်းတိုက် ဆရာတော် သာသနဓဇမဟာဂန္ထဝါစက ဘဒ္ဒန္တသုဇာတ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ရဲဝင်းဦးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။ ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အောင်မြေဘုံသာ ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များထံမှ ပရိတ်တရားတော်များနာယူကြသည်။ 

ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက သံဃာတော်များအား တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများက လှူဒါန်းသည့် ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီ၊ နဝကမ္မအလှူငွေများနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။ 

ထို့ပြင် သံဃာတော် ၉၃ ပါးအား တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုး/အကြော ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရာ တိုင်းမှူးနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment