Pages

Friday, August 24, 2018

ရန်ကုန်-မော်လမြိုင် ကားလမ်း ရေကျော်သဖြင့် ကားများသွားလာမှု အခက်အခဲဖြစ်



သထုံ ၂၄-၈-၂ဝ၁၈

မွန်ပြည်နယ် သုဝဏ္ဏဝတီမြို့ ကျိုက္ကော်ရပ်ကွက်ရှိ ရန်ကုန်မော်လမြိုင် ကားလမ်းပေါ်တွင် ယနေ့နံနက်၂နာရီကျော်က တောင်ကျရေကြောင့် ကားလမ်း ရေကျော်ခဲ့သဖြင့် ကားများသွားလာမှု အခက်အခဲ ဖြစ်ပေါ်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

တောင်ကျရေများမှာ နံနက် ၈ နာရီခန့်တွင် ရေများပြန်လည် ကျဆင်းသွားသဖြင့် လက်ရှိတွင်ကားများ ဖြတ်သန်း သွားလာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

"မနက်ပိုင်းမှာ တောင်ကျရေတွေ ဆင်းလာပြီး ကားလမ်းရေကျော်မှု ဖြစ်သွားတယ်။ ကားလမ်းအနိမ့်ဆုံး နေရာမှာ ရေနှစ်ပေကျော်လောက် ဖြစ်သွားတယ်။ ကျန်တဲ့ နေရာမှာတစ်ပေ ကျော်ကျော်လောက် ဖြစ်သွားလို့ ကားကြီးတွေကိုပဲ ပေးသွားပြီး ကားငယ်တွေကို ယာယီ ဖြတ်သန်းခွင့် ခဏတားခဲ့ရတယ်။ နောက်တော့ လမ်းလွှဲကနေ ပေးသွားထားတယ်။ နံနက် ၉နာရီ လောက်ထိ ကားလမ်းပေါ် ရေတစ်ပေကျော် ကျန်သေးတယ်။ အခုရေပြန်ကျနေပါပြီ"ဟု ကျိုက္ကော်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးစိုးက ပြောပြသည်။

တောင်ကျရေ ကျဆင်းမှုကြောင့် ရန်ကုန်-မော်လမြိုင် ကားလမ်း မိုင်တိုင်အမှတ် ၁၃၉/ဝနှင့် ၁၃၉/၄ ကြား အကျယ်ပေ ၁၅ဝဝထိ ရေကျော်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မိုးရွာပြီး စီးဆင်းလာသည့် တောင်ကျရေကြောင့် ကားလမ်း ရေကျော်မှု ဖြစ်ပွားခဲ့သည့်အပြင် မြေအနိမ့်ပိုင်းရှိ နေအိမ်အချို့တွင်လည်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ကားလမ်း ရေကျော်သည့် နေရာသို့ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊အုပ်ချုပ်ရေး အဖွဲ့ဝင်များ ပြည်သူများက ရေအခြေအနေကို စောင့်ကြည့်ပြီး ကားများစနစ်တကျ ဖြတ်သန်းသွား လာနိုင်ရန် ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment