Pages

Tuesday, August 7, 2018

မွန်ပြည်နယ်အတွင်း ကျိုက်မရောနှင့် ပေါင်မြို့နယ်တို့မှ အခြေခံပညာကျောင်းပေါင်း ၄၀ ကျော် မဖွင့်လှစ်နိုင်သေး



သထုံ ၇-၈-၂ဝ၁၈

မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှု များကြောင့် အခြေခံကျောင်းပေါင်း ၁၅ဝ ကျော် ယာယီပိတ်ထားရာမှ ယနေ့ထိ ကျောင်းပေါင်း ၄၃ကျောင်း ပြန်လည်မဖွင့်လှစ် နိုင်သေးကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

တချို့မြို့နယ်များ၌ ရေများပြန်လည် ကျဆင်းလာပြီ ဖြစ်သောကြောင့် ပိတ်ထားရသည့် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ သော်လည်းတချို့ မြို့နယ်များတွင် ရေကြီးနေသည့် အခြေအနေ လျော့ကျသွားခြင်းမရှိ သဖြင့် ကျောင်းများ ဆက်လက် ပိတ်ထားရကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး (စီမံ) ဒေါ်လဲ့လဲ့ကြည်က ပြောပြသည်။

"ကျိုက်မရောနဲ့ ပေါင်မြို့နယ်မှာ ရေကြီးနေတဲ့ အနေအထားရှိသေးလို့ အဲဒီမြို့နယ်က ကျောင်းတွေကတော့ ပိတ်ထားနေရဆဲပါ။ အဲဒီမြို့နယ်တွေမှာ မိုးက မပြတ်သေးသလို ရေကလဲ သိပ်မကျသေးပါဘူး။ အဲဒီ နှစ်မြို့နယ်က ကျောင်းတွေ ပြန်ဖွင့်ဖို့ကတော့ ရေအခြေအနေကို စောင့်ကြည့်ရဦးမှာပါ။ ရေကျမှ ပြန်ဖွင့်နိုင်မယ်။ ဘယ်တော့ပြန်ဖွင့်မလဲ ဆိုတာကို ကြိုမပြောနိုင်သေးပါဘူး။ ကျိုက်မရောဆိုရင် သံလွင်မြစ်ရေက တန့်နေတယ်။ မိုးကလဲ ရွာနေတုန်းပါ။ ကလေးတွေရဲ့ပညာရေးအတွက်က အားလုံးပြင်ဆင် ထားပြီးသားပါ"ဟု ၎င်းက ပြောပြသည်။

ရေကျသွားသဖြင့် ပြန်လည်ဖွင့်လှစ်ထားသော စာသင်ကျောင်းများ စာသင်ကြားမှု အဆင်ပြေနိုင်ရေး သက်ဆိုင်ရာ အစိုးရအဖွဲ့များ၊ လူမှုရေး အဖွဲ့အစည်းများ၊ ရပ်ရွာနေပြည်သူများက ဝိုင်းဝန်းကူညီ လုပ်ဆောင်ပေးမှုများ ရှိကြောင်း ဒေါ်လဲ့လဲ့ကြည်က ဆက်လက် ပြောပြသည်။

ရေကြီးရေလျှံမှုကြောင့် မွန်ပြည်နယ်အတွင်းရှိ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်၊ ကျိုက်မရောမြို့နယ်တို့မှ အခြေခံကျောင်း ၁၅၈ ကျောင်းကို ယာယီပိတ်ထားခဲ့ရပြီး ယနေ့ထိကျောင်း ၁၁၅ ကျောင်းကို ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ကာ ရေများ ပြန်လည်ကျဆင်းမှု မရှိသေးသော ကျိုက်မရောမြို့နယ်မှ ၃၆ကျောင်း၊ ပေါင်မြို့နယ်မှ ခုနစ်ကျောင်း စုစုပေါင်း ၄၃ ကျောင်းကို ပိတ်ထားရဆဲ ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment