Pages

Tuesday, August 7, 2018

မြို့သစ်မြို့နယ်တွင် စိတ်ကြွဆေးပြားများနှင့် ဘိန်းမည်းများ ဖမ်းဆီးရမိ



မြို့သစ် ၇-၈-၂ဝ၁၈

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် အိုင်မကျေးရွာတွင် သြဂုတ် ၅ ရက် နံနက် ၇နာရီခန့်က စိတ်ကြွဆေးပြားများနှင့် ဘိန်းမည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မကွေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့သစ်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချ နေကြောင်းသတင်းအရ သက်သေများနှင့်အတူ အိုင်မကျေးရွာနေ ဦးမျိုးမြင့် (ဘ) ဦးထိန်၏နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့သည်။

ထိုသို့ ရှာဖွေရာ မျိုးမြင့်၏ နေအိမ်အနောက်ဘက်ကပ်လျက်ရှိ ရေထည့်သည့်ကျောက်စည်ပိုင်း အောက်တွင် WY စာတန်းပါ ပန်းရောင်စိတ်ကြွ ဆေးပြား ၁၇၉ ပြား၊ ပန်းသီးတံဆိပ်ပါ အစိမ်းရောင်ဆေးပြား တစ်ပြား စုစုပေါင်း ဆေးပြား ၁၈ဝ အလေးချိန် ၁၈ဂရမ်ခန့် ကာလတန်ဖိုးငွေကျပ် ၉ဝဝဝဝဝ ခန့်၊ မီးဖိုချောင်အပြင်ရှိ ရေမရှိသော အိုး၏အောက် ကရွတ်ခွေအတွင်းမှ အလေးချိန် ၂ဝဝဂရမ်ခန့်ပါ ဘိန်းမည်းထုပ် တစ်ထုပ်ကာလတန်ဖိုးငွေကျပ် ၁၇ဝဝဝဝခန့်၊ နေအိမ်အောက်ထပ် ၎င်း၏အိပ်ရာတွင် မူးယစ်ဆေးဝါး ရောင်းချရာမှ ရရှိငွေဟုယူဆရသော မြန်မာငွေစက္ကူရောရာ ငွေကျပ် ၅ဝဝဝဝဝ တို့ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ထို့နောက် ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသည့် သက်သေခံ ပစ္စည်းများကို မြို့သစ်မြို့နယ် အိုင်မကျေးရွာနေ ညိုကြီးနှင့်ရွှေပန်းကျေးရွာ ငစပ်အိုင်တဲတိုက်နေ ခင်ဌေးရီထံမှ ဝယ်ယူရရှိခဲ့ကြောင်း စစ်ဆေးသိရှိရသဖြင့် ဆက်လက်ရှာဖွေ ဖမ်းဆီးခဲ့ရာ ညိုကြီး၊ ခင်ဌေးရီတို့မှာ နေအိမ်တွင် မရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မျိုးမြင့်၊ညိုကြီး(စုံစမ်းဆဲ)၊ ခင်ဌေးရီ(စုံစမ်းဆဲ)တို့ကို မြို့သစ်မြို့မရဲစခန်းက (ပ) ၁/၂ဝ၁၈၊ မူး/စိတ်ပုဒ်မ-၁၉(က)/၂ဝ/(က)/၂၁ဖြင့် အမှုရေးဖွင့်ပြီး အမှုစစ် ဒုတိယရဲအုပ် ထူးပြည့်စုံက စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment