Pages

Friday, August 31, 2018

မန္တလေး မဟာအောင်မြေကျောက်မျက် ရောင်းဝယ်ရေးစခန်းအတွင်း ခွင့်ပြုချက်မရရှိဘဲ ဝင်ရောက်အလှူခံခြင်းကို အရေးယူသွားမည်ဟုဆို



မန္တလေး ၃၁-၈-၂ဝ၁၈

မန္တလေး မဟာအောင်မြေ ကျောက်မျက် ရောင်းဝယ်ရေး စခန်းအတွင်း စက်တင်ဘာ ၁ ရက်မှ စတင်ကာ ခွင့်ပြုချက် တစ်စုံတစ်ရာမရှိဘဲ မည်သည့်အလှူခံမျှ ဝင်ရောက်ခွင့် မပြုတော့ကြောင်း မန္တလေးမဟာ အောင်မြေကျောက်မျက် ရောင်းဝယ်ရေး စခန်း၏ အကျိုးတော်ဆောင် ကော်မတီမှ သိရသည်။

အဆိုပါကျောက်မျက် ရောင်းဝယ်ရေး စခန်းတွင် ပစ္စည်းများ ပျောက်ဆုံးခြင်း မကြာခဏဖြစ်ပွား တတ်ခြင်းကြောင့် ယင်းကဲ့သို့ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

"ရပ်ကွက်၊ ဘုရားပွဲတွေအတွက် အလှူခံမယ်ဆိုရင် ကျွန်တော်တို့ ရုံးကို အရင်လာပြီးတော့ စာရွက်စာတမ်း အထောက်အထား နဲ့လာပြီး အလှူခံမယ်ဆိုရင်တော့ ခွင့်ပြုပေးမှာပါ။ အခုဟာက ဝိုင်းအတွင်းမှာ ဘယ်ကမှန်းမသိတဲ့ အလှူခံတွေရော တောင်းစားနေတဲ့ သူတွေရော အများကြီး ဝင်လာကြတယ်။ အဲဒီမှာက ပစ္စည်းပျောက်ဆုံးမှုတွေ မကြာခဏဖြစ်နေပါတယ်။ ဒီအတွက် အခုလိုတားမြစ် လိုက်တာပါ"ဟု မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေးစခန်း၏ အကျိုးတော်ဆောင် ကော်မတီမှ ပြန်ကြားရေးတာဝန်ခံ ဦးကျော်ဦးက ပြောပြသည်။

မဟာအောင်မြေ ကျောက်ဝိုင်းအတွင်း တောင်းစားနေသူများ၊ ရေသန့်ဘူးကောက်သူများနှင့် လူစိမ်းအဝင်အထွက်လည်း များကြောင်း သိရသည်။

အဆိုပါကျောက်မျက် ရောင်းဝယ်ရေး စခန်းအတွင်း စက်တင်ဘာ ၁ရက်မှ စတင်ကာ ခွင့်ပြုချက်မရရှိဘဲ ဝင်ရောက် အလှူခံခြင်းကို တွေ့ရှိပါက ထိရောက်သည့် အရေးယူခြင်းများကို လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ကြေညာ ထားကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ 

No comments:

Post a Comment