Pages

Friday, August 31, 2018

ဆွာရေလှောင်တမံ ရေလျှံမှုကြောင့် စာသင်ကျောင်း ၂၆၂ ကျောင်း ပိတ်ထားရ



နေပြည်တော် ၃၁-၈-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး ဆွာရေလှောင်တမံ ရေပိုလွှဲထိခိုက်ပြီး ရေလျှံမှုကြောင့် ပဲခူးတိုင်းဒေသကြီး (အရှေ့) ရေတာရှည်မြို့နယ်ရှိ အခြေခံပညာ စာသင်ကျောင်းပေါင်း ၂၆၂ ကျောင်းကို သြဂုတ် ၂၉ ရက်မှစ၍ ယာယီပိတ်ထားလိုက်ရကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာန၏ သတင်းများအရ သိရသည်။

ယခုနှစ် သြဂုတ် ၂၉ရက်နံနက် ပိုင်းမှစ၍ ပဲခူးတိုင်းဒေသကြီးရှိ ဆွာရေလှောင်တမံမှ ရေပိုလွှဲမှာ လေးပေခန့်ထိ ပျက်ကျပျက်စီးသဖြင့် ရေပိုလွှဲထက် ရေအမြင့် ခြောက်ပေခန့်ထိ ကျော်မြင့်ကာ ရေလျှံထွက်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ရေလျှံထွက်မှုကြောင့် ပဲခူးတိုင်းဒေသကြီး (အရှေ့) ရှိ ရေတာရှည်မြို့နယ်သို့ ရေများဝင်ရောက်ကာ ဒေသခံများလည်း ရေဘေးလွတ်ရာ သို့ပြောင်း ရွှေ့နေကြရပြီး ရေတာရှည်မြို့နယ်ရှိ အခြေခံပညာ ကျောင်း၂၆၂ ကျောင်းကိုလည်း ယာယီပိတ်ထား လိုက်ရကြောင်း သိရသည်။

"ပဲခူးတိုင်းဒေသကြီး (အရှေ့) မှာတော့ သြဂုတ် ၂၉ရက်က ပိတ်လိုက်ရတဲ့ ကျောင်းပေါင်းက ၂၇၅ ကျောင်းရှိပါတယ်။ ရေတာရှည်မြို့နယ်က ကျောင်းပေါင်း ၂၆၂ကျောင်းကတော့ ဆွာရေလှောင် တမံကြောင့် သြဂုတ် ၂၉ရက်က ပိတ်လိုက်ရတာပါ။ ကျန်တဲ့ ဒိုက်ဦးတို့ တခြားမြို့နယ်တွေကတော့ စစ်တောင်း မြစ်ရေတက်လို့ ပိတ်ရတာပါ" ဟု အခြေခံပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဌေးဌေးဝင်းက ပြောပြသည်။

၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် သြဂုတ်လအတွင်း မိုးရွာသွန်းမှုနှင့် သဘာဝဘေးတို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁ဝခုတွင် အခြေခံပညာ ကျောင်းပေါင်း ၂ဝ၂၂ ကျောင်းပိတ်ထားခဲ့ရပြီး ကျောင်းပေါင်း ၁၆၈၄ကျောင်းကို ပြန်လည်ဖွင့်ပေး ထားပြီးဖြစ်ကြောင်း၊ ပြန်ဖွင့်ရန် ကျန်ရှိသည့် ကျောင်းပေါင်း ၃၃၈ ကျောင်း ကျန်ရှိနေသေးကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ 

No comments:

Post a Comment