Pages

Tuesday, August 28, 2018

ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာတွင် မြန်မာ့ရိုးရာ ဆံကေသာ ဆံရစ်ဝိုင်းထားရှိသူ ဦးရေ ၅ဝဝ ခန့်ရှိ



ပွင့်ဖြူ ၂၈-၈-၂ဝ၁၈

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် အတွင်းရှိ ရေပုတ်ကြီး ကျေးရွာတွင် မြန်မာ့ရိုးရာဆံကေသာ ဆံရစ်ဝိုင်းထားရှိသူ ဦးရေ ၅ဝဝ ခန့်ရှိကာ ယခုလပိုင်းတွင် အဆိုပါကျေးရွာသို့ လာရောက်လည်ပတ် လေ့လာသူများပြား လာကြောင်း ရေပုတ်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလူဝင်းထံမှ သိရသည်။

ယနေ့ခေတ်ကာလတွင် ဆံကေသာ ဆံရစ်ဝိုင်းထားရှိသူ ရှားပါးသွားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် စက်စက်ယိုကျေးရွာနှင့် မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာတွင် ရှေးယခင်ကတိုင် ဆံကေသာဆံရစ် ဝိုင်းထားရှိသော ဓလေ့ရှိနေဆဲဖြစ်သဖြင့် လာရောက်လည်ပတ် လေ့လာကြကြောင်း သိရသည်။

"ကျွန်တော်တို့ ကျေးရွာကို မကွေး၊ရန်ကုန်နဲ့ မန္တလေးမြို့တွေက ဧည့်သည်တွေနဲ့ နိုင်ငံခြားသား တချို့လဲ လာရောက် လည်ပတ်လေ့လာ တာတွေရှိပါတယ်။ ဒါပေမဲ့ ညောင်ဦးမြို့နယ်က စက်စက်ယို ကျေးရွာလောက်တော့ မကျော်ကြား သေးပါဘူး။ ၂ဝ၁၄ ခုနှစ်လောက်ကစပြီး ဓာတ်ပုံဆရာတွေရဲ့ အဆက်အသွယ်နဲ့ ဧည့်သည်တွေ လာရောက် လည်ပတ်မှုတွေ ရှိလာတယ်လို့ ပြောရမယ်။ အခုလထဲတော့ လာရောက်လေ့လာသူတွေ တော်တော်များများတွေ့နေရတယ်"ဟု ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလူဝင်းက ပြောပြသည်။

ရေပုတ်ကြီးကျေးရွာတွင် အိမ်ခြေ ၆၅ဝ၊ လူဦးရေ ၃၁၇ဝရှိကာ ဆံရစ်ဝိုင်းထားရှိသူ အမျိုးသား၊ အမျိုးသမီး ဦးရေ ၅ဝဝခန့်ရှိပြီး လာရောက်လေ့လာ သူများပြားကြောင်း၊ ယနေ့တိုင် မြန်မာ့ရိုးရာဆံကေသာ ဆံရစ်ဝိုင်းလေးများကိုရိုးရာအမွေအဖြစ် ဆက်လက် ထိန်းသိမ်းနိုင်သဖြင့် ဂုဏ်ယူဝမ်းမြောက်မိကြောင်း ဒေသခံများထံမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment