Pages

Tuesday, August 28, 2018

မဘိမ်းမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် ငွေကျပ်သိန်းပေါင်း ၈၅၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ



ဖမ်းဆီးရမိခဲ့သည့် ဘိန်းဖြူ ၁ ဒသမ ၅ဂရမ်၊ စိတ်ကြွဆေးပြား ၃၈ဝနှင့် တရားခံ ဦးအိုက်ပို့ (ဘ) ဦးထွန်းလူ၊ ဦးအိုက်ဦး (ဘ) ဦးအိုက်လှ (ဝဲမှယာ) မှတ်တမ်းဓာတ်ပုံ။

ဖမ်းဆီးရမိခဲ့သည့် တရားခံ ဦးလီသား (ဘ) ဦးလီပါးနှင့် ဘိန်းဖြူ ၃ဝဂရမ်၊ စိတ်ကြွဆေးပြား ၂၈၆ဝဝ မှတ်တမ်းဓာတ်ပုံ။

ဖမ်းဆီးရမိခဲ့သည့် တရားခံ ဦးလီသား (ဘ) ဦးလီပါးနှင့် ဘိန်းဖြူ ၃ဝဂရမ်၊ စိတ်ကြွဆေးပြား ၂၈၆ဝဝနှင့် တရားခံ ဆန်းလင်းဦး (ဘ) ဦးသန်းမြင့်၊ အိုက်ဆူ (ဘ) ဦးအိုက်လား၊ စိတ်ကြွဆေးပြား ၁၁၆ဝဝ၊ တူမီးသေနတ်(အရှည်) တစ်လက်၊တစ်ပေခန့်ရှိ လက်လုပ်သေနတ် တစ်လက်တို့၏ မှတ်တမ်းဓာတ်ပုံ။

နေပြည်တော် ၂၈-၈-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက် နေသောတပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်စဉ် သြဂုတ် ၁၄ ရက်မှ ၁၈ ရက်အတွင်း ငွေကျပ်သိန်း၎ဝဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ဖမ်းဆီးရမိခဲ့ပြီး သြဂုတ် ၁၉ ရက်မှ ယနေ့အထိလည်း ငွေကျပ်သိန်းပေါင်း ၈၅ဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ ငါးဦးတို့ကို ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်များမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မိုးမိတ်မြို့နယ်၊ မိုးလိုကျေးရွာအနီး မူးယစ်ဆေးဝါးများ ရောင်းဝယ် သုံးစွဲနေကြောင်း သတင်းများအရ ဌာနဆိုင်ရာတာဝန်ရှိသူ များပါဝင်သော ပူးပေါင်းအဖွဲ့နှင့်အတူ သွားရောက် စစ်ဆေးရာ သြဂုတ် ၂ဝ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မိုးလိုကျေးရွာ၏ အရှေ့ဘက် ၅ မိုင်ခန့်အကွာ ဒေသအခေါ်နားတီးရှိ လယ်တဲအတွင်းမှ ဦးအိုက်ပို့(ဘ) ဦးထွန်းလူနှင့် ဦးအိုက်ဦး (ဘ) ဦးအိုက်လှတို့ကို ငွေကျပ်ရှစ်သိန်းကျော်  တန်ဖိုးရှိ ဘိန်းဖြူ ၁ ဒသမ ၅ ဂရမ်၊ WY စာတန်းပါစိတ်ကြွ ရူးသွပ်ဆေးပြား ၃၇ ပြား၊ 88/1 စာတန်းပါစိတ်ကြွ ရူးသွပ်ဆေးပြား ၃၄၃ ပြားတို့နှင့်လည်းကောင်း၊ သြဂုတ် ၂၁ ရက် နံနက် ၁၁ နာရီခန့်တွင် မဘိမ်းမြို့နယ်၊ လဝါကျေးရွာ နေ ဦးမောင်လေး(ဘ) ဦးရှိန်၏ နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေရာ ဦးမောင်အေးနှင့် ဦးဝင်းပိုင် (ဘ) ဦးအောင်ကြီးတို့ကို ငွေကျပ် ၈ဝဝဝဝ ခန့်တန်ဖိုးရှိ ဘိန်းဖြူ ၁ ဒသမ ၁ ဂရမ်နှင့်လည်းကောင်း၊ ည ၆ နာရီခန့်တွင် မိုးလိုကျေးရွာ၏ အရှေ့ဘက် ၆ မိုင်ခွဲခန့်အကွာရှိ တဲအတွင်းမှ ဦးလီသား (ဘ) ဦးလီပါးကို ငွေကျပ်သိန်း ၅၉ဝ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၃ဝ ဂရမ်ခန့်ပါ ဆပ်ပြာခွက်သုံးခွက်၊ WY စာတန်းပါစိတ်ကြွ ရူးသွပ်ဆေးပြား ၂ဝ၆ဝဝ ပြား၊ 88/1 စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၈ဝဝဝ ပြားနှင့်လည်းကောင်း အသီးသီးဖမ်းဆီး ရမိခဲ့သည်။

အလားတူ ဆက်စပ်သတင်းများ အရလုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်ရှာဖွေရာ သြဂုတ် ၂၂ ရက် ည ၆ နာရီခန့်တွင် စီပိန်းကျေးရွာ၏ အရှေ့တောင်ဘက် ၁၁ မိုင်ခန့်အကွာရှိ တဲတစ်လုံးအတွင်း ပုန်းအောင်းနေသည့် ဆန်းလင်းဦး(ဘ) ဦးသန်းမြင့်နှင့် အိုက်ဆူ (ဘ) ဦးအိုက်လားတို့ကို ငွေကျပ်သိန်း ၂၃ဝ ကျော်တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၉၆ဝဝ ပြား၊ 88/1 စာတန်းပါစိတ်ကြွ ရူးသွပ်ဆေးပြား ၂ဝဝဝ ပြား၊ လိုင်စင်မဲ့ မော်တော် ဆိုင်ကယ်တစ်စီး၊ လုပ်သေနတ်တစ်လက်၊ တူမီးသေနတ် အရှည်တစ်လက်တို့နှင့် လည်းကောင်း၊ သြဂုတ် ၂၃ ရက် ညနေ ၃ နာရီခန့်တွင် ပင်ကြိမ်ရွာဟောင်းနေ ဦးထူးသာမူး(ဘ) ဦးပိုလျံ၏နေအိမ်မှ ဦးထူးသာမူးကို ငွေကျပ်ငါးသိန်း ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁ ဂရမ်ခန့်၊ WY စာတန်းပါစိတ်ကြွ ရူးသွပ်ဆေးပြား ၂၁ဝ ပြား၊ တူမီးသေနတ် တစ်လက်တို့နှင့် လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် သြဂုတ် ၂၆ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် စီပိန်းကျေးရွာ၏ တောင်ဘက် ၆ ဖာလုံခန့်အကွာရှိ ယာယီတဲဟောင်း တစ်လုံးအတွင်းမှ စောင်ထုပ်ထဲတွင် ဝှက်ထားသည့် ငွေကျပ် ၁၉ သိန်းကျော်တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၉၉၁ ပြားနှင့် မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသော ခဲပြားများထည့်ထားသည့် အဖြူရောင် ပလတ်စတစ်ဘူး တစ်ဘူးတို့အား ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ ငွေကျပ်သိန်း ၈၅ဝ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၃၃ ဒသမ ၆ ဂရမ်၊ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၃၁၄၃၈ ပြား၊ 88/1 စာတန်းပါစိတ်ကြွ ရူးသွပ်ဆေးပြား ၁ဝ၃၄၃ ပြား၊ လက်နက်များနှင့် အတူဖမ်းဆီးရမိ သူများအား တရားဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်နိုင်ရန် မဘိမ်းမြို့မရဲစခန်း၌ စနစ်တကျအပ်နှံ ထားရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment