Pages

Thursday, August 30, 2018

ငါး၊ ပုဇွန် ပြန်လည်တင်ပို့ခွင့်ရရှိရန် ရေထွက်ကုန်စည် ပြပွဲသို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် သွားရောက်ဆွေးနွေးမည်



ရန်ကုန် ၃ဝ-၈-၂ဝ၁၈

ဒူဘိုင်းတွင် ကျင်းပပြုလုပ်မည့် ရေထွက်ကုန်စည် ပြပွဲသို့ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် သွားရောက်လေ့လာ၍ ဆော်ဒီအာရေဗျ နိုင်ငံသို့ ငါး၊ပုစွန်ပြန်လည် တင်ပို့ခွင့်ရရှိရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် သွားရောက် ဆွေးနွေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တွင် သြဂုတ် ၂၈ ရက်ကကျင်းပ ပြုလုပ်သည့် သား၊ငါးကဏ္ဍဆိုင်ရာ လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါပြပွဲကို အောက်တိုဘာလအတွင်း ကျင်းပပြုလုပ်မည် ဖြစ်ပြီး ငါး၊ ပုစွန် ပြန်လည်တင်ပို့ ခွင့်ရရှိရန် ဆော်ဒီအာရေဗျနိုင်ငံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး ခွင့်ရရှိရေး ငါးလုပ်ငန်းဦးစီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်နိုင်ရန် စာတင်သွားမည် ဖြစ်ကြောင်း သိရသည်။

"တကယ်လို့ ပြပွဲကိုသွားမယ့် အချိန်ထိ ဘာမှအကြောင်းမပြန် သေးဘူးဆိုရင် ဒူဘိုင်းသွားရင်းနဲ့ အဲဒီဘက်ကကိစ္စကို ဖြေရှင်းဖို့ လုပ်ခဲ့မယ်။ ဘာလို့ဆိုသွားရင်းနဲ့ ကိုယ့်နိုင်ငံမှာ ဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းသွားဖို့ အကုန်လုံးတော့ စီစဉ်နေတယ်။ ဒါက ကိုယ်တွေပဲ လုပ်လို့မရဘူး။ ကိုယ်ကသွားရင် လုပ်ငန်းရှင် အနေနဲ့ပဲရှိတော့ တကယ်တမ်း ပြောရမှာ g to g ပြောရမှာပါ။ ပြောမယ့်ဟာကို ဆရာမတို့အနေနဲ့ သူတို့မေးတဲ့မေးခွန်း တချို့ကို ပုဂ္ဂလိကဘက်က ဖြေရမယ့်ဟာဆိုရင် ပုဂ္ဂလိကဖြေနိုင် အောင်လို့ အစိုးရရော၊ ပုဂ္ဂလိကဘက်ကရော သွားဖို့စီစဉ် နေပါတယ်"ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုး နန္ဒာတင်က ပြောပြသည်။

ငါး၊ပုစွန် ရေထွက်ပစ္စည်း တင်ပို့မှု ယာယီရပ်ဆိုင်း ခံထားရသည့် နိုင်ငံများတွင် ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံတို့ ပါဝင်နေပြီး ဆော်ဒီအာရေဗျနိုင်ငံမှ FDA အဖွဲ့အစည်းက သတ်မှတ်ထားသော ငါးနှင့်အခြား ရေထွက်ကုန် ပစ္စည်းများဆိုင်ရာ တင်ပို့ခြင်းနှင့် ပတ်သက်သော စည်းမျဉ်း စည်းကမ်း၊ ကျင့်ထုံးများအရ မတ်လမှစ၍ လက်ရှိအချိန်ထိ ယာယီ ရပ်ဆိုင်းခံရခြင်း ဖြစ်ကြောင်း သိရသည်။

ဆော်ဒီအာရေဗျ နိုင်ငံက ရေထွက်ပစ္စည်း တင်သွင်းခြင်း ယာယီဆိုင်းငံ့မှုကို ၎င်းတို့သတ်မှတ် ထားသော စည်းမျဉ်းကျင့်ထုံးများကို လိုက်နာဆောင်ရွက် ပေးသည်ထိ ထားရှိသွားမည်ဖြစ်ပြီး ဆော်ဒီအာရေဗျ နိုင်ငံအတွင်းသို့ ငါး၊ပုစွန်များတွင်ဖြစ်ပွား တတ်သော White Spot ရောဂါနှင့် Acute He Patopancreatic Mecrosis ရောဂါများ ဝင်ရောက်မလာ နိုင်စေရန် တားဆီးနိုင်မည့် အရေးပေါ် အစီအမံတစ်ခုကို စတင်ဆောင်ရွက်နေပြီဟု ထုတ်ပြန်ထားကြောင်း
သိရသည်။

#မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment