Pages

Thursday, August 23, 2018

အမှတ်(၂) စက်မှုသင်တန်းကျောင်း (မန္တလေး) ကျောင်းဆင်းများကို ဝန်ကြီးဌာနများနှင့် ပြည်တွင်းကုမ္ပဏီများက တိုက်ရိုက်ချိတ်ဆက်ခေါ်ယူမည်



မန္တလေး ၂၃-၈-၂ဝ၁၈

အမှတ် (၂) စက်မှုသင်တန်းကျောင်း (မန္တလေး) မှ ကျောင်းဆင်းကျောင်းသား၊ ကျောင်းသူများကို ဝန်ကြီးဌာနများနှင့် ပြည်တွင်း ကုမ္ပဏီများက တိုက်ရိုက်ချိတ်ဆက်၍ ခေါ်ယူသွားမည်ဖြစ်ကြောင်း အဆိုပါကျောင်းမှ ဒုတိယကျောင်းအုပ်ကြီး ဦးခွန်ဆမ်က ပြောပြ၍ သိရသည်။

အမှတ်(၂) စက်မှုသင်တန်းကျောင်း (မန္တလေး) သို့ တက်ရောက်နေသည့် ကျောင်းသား၊ကျောင်းသူများကို တစ်နှစ်တာအချိန်ကာလ သတ်မှတ်၍ စက်မှုဘာသာရပ်လေးမျိုး သင်ကြားပေးလျက်ရှိရာ သင်တန်းကာလပြီးဆုံးပါက အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်အတွက် သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် ပြည်တွင်း၌ လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီများ ချိတ်ဆက်၍ တိုက်ရိုက်ခေါ်ယူမှုများ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

"သင်တန်းကာလ တစ်နှစ်ပြီးသွားရင် သူတို့သင်ကြား တတ်မြောက်တဲ့ ဘာသာရပ်အလိုက် ဝန်ကြီးဌာနတွေ၊ ကုမ္ပဏီတွေက လိုအပ်တဲ့နေရာ တွေမှာအသုံးပြုဖို့အတွက် တိုက်ရိုက်ခေါ်ယူမယ်။ ကိုယ့်ဘာသာ အပြင်မှာထွက်ပြီးတော့ အလုပ်ရှာဖွေစရာ မလိုတော့ပါဘူး။ ခေါ်ယူတာကို မလုပ်ချင်လဲရပါတယ်။ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပိုင် လုပ်ငန်းထူထောင်ပြီး လုပ်ကိုင်လို့လဲရပါတယ်။ အခုလိုမျိုး စက်မှုကျွမ်းကျင် လုပ်သားတွေ မွေးထုတ်ပေးရတာက တိုင်းပြည် စက်မှုဖွံ့ဖြိုး တိုးတက်စေဖို့အတွက် ဖြစ်ပါတယ်"ဟု ၎င်းက ပြောပြသည်။

အမှတ် (၂) စက်မှုသင်တန်းကျောင်း (မန္တလေး)ကို ၂ဝဝ၈ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး စက်မှုကျွမ်းကျင် ကျောင်းသား၊ ကျောင်းသူ ၁၃၉၂ဦးကို ယခုလက်ရှိအချိန်ထိ မွေးထုတ်ပေးနိုင်ခဲ့ပြီး ဝန်ကြီးဌာနများနှင့် ပြည်တွင်းစက်မှုနှင့် လျှပ်စစ်ကုမ္ပဏီများ၌ လုပ်ကိုင်နေသူ ၁၃၆၂ဦး ရှိကြောင်း၊ ကျန်ရှိနေသည့် ဦးရေ ၃ဝ မှာ ပြင်ပလုပ်ငန်းများတွင်လုပ်ကိုင် နေသူများနှင့် တက္ကသိုလ်များတွင် ပညာသင်ကြားနေသူများ ဖြစ်ကြောင်း သိရသည်။

"ဒီကျောင်းကို တက်ရောက်မယ်ဆိုရင် ပညာအရည်အချင်း ကတော့ အခြေခံပညာအထက်တန်း သင်ယူပြီးမြောက်သူ ဖြစ်ရပါမယ်။ အသက်ကတော့ ၁၇နှစ်ပြည့်ပြီးသူ ၂၅နှစ်ထက် မကျော်လွန်သူ ဖြစ်ရပါမယ်။သင်တန်းပြီး သွားရင်လဲ ကိုယ်တိုင် အလုပ်ရှာစရာမလိုဘဲ ကုမ္ပဏီတွေက သူတို့ရဲ့လုပ်ငန်းနဲ့ ကိုက်ညီမယ့် ကျွမ်းကျင်တဲ့သူတွေကို အင်တာဗျူးပြီး အလုပ်အကိုင်တွေ ပေးပါတယ်" ဟု ၎င်းက ပြောပြသည်။

၂ဝ၁၈ခုနစ်တွင် အမှတ် (၂) စက်မှုသင်တန်းကျောင်း (မန္တလေး)သို့ တက်ရောက်နေသည့် ကျောင်းသား၊ကျောင်းသူ ၁၄၂ဦးရှိပြီး ၎င်းတို့ကိုလည်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပြည်တွင်းမှကုမ္ပဏီများနှင့် တိုက်ရိုက် ချိတ်ဆက်ပေးမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment