Pages

Tuesday, July 24, 2018

မတူပီခရိုင်တွင် အသေးစားလေယာဉ်ကွင်း ငယ်ကို ၂၀၂၀ ပြည့်နှစ်အတွင်း တည်ဆောက်မှု ပြီးစီးနိုင်ရေး ဆောင်ရွက်မည်



မတူပီ ၂၄-၇-၂ဝ၁၈

ချင်းပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် သွားလာရေး ကြန့်ကြာမှု နည်းပါးစေရန်၊ အရေးကြီးသော အသက်ကယ်ဆယ်ရေး လုပ်ငန်းများ ပိုမိုလုပ်ဆောင်နိုင်ရန် တို့ကိုရည်ရွယ်၍ မတူပီခရိုင် လိုင်လင်းပီမြို့တွင် တည်ဆောက်မည့် အသေးစားလေယာဉ် ကွင်းငယ်ကို ၂ဝ၂ဝပြည့်နှစ်အတွင်း တည်ဆောက်မှု ပြီးစီးနိုင်ရေး အကောင်အထည် ဖော်ဆောင်ရွက်မည် ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

Mission Aviation Fellowship-MAF (မြန်မာ) အမည်ရှိ NGO အဖွဲ့အစည်းနှင့် ကျန်းမာခြင်းနှင့် မျှော်လင့်ခြင်း (မြန်မာ) တို့ပူးပေါင်း၍ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ချင်းပြည်နယ် လိုင်လင်းပီမြို့တွင် လေယာဉ်ကွင်းတစ်ခု တည်ဆောက် ပေးမည်ဖြစ်ကြောင်း၊ အဆိုပါ လေယာဉ်ကွင်းငယ်ကို အစိုးရ၏ ဘတ်ဂျက်ဖြင့် တည်ဆောက်မည် မဟုတ်ဘဲ စီမံကိန်း အကောင်အထည် ဖော်နိုင်ရန်အတွက် အလှူငွေ ကောက်ခံရရှိမှု အပေါ်မူတည်၍ အရှိန်အဟုန် မြှင့်တင်တည်ဆောက် မည်ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရ အဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးက ပြောပြ၍ သိရသည်။

အဆိုပါ လေယာဉ်ကွင်း တည်ဆောက်မှုအတွက် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၂ဒသမ၂သန်းဖြစ်ကြောင်း၊ ၂ဝ၁၇ခုနှစ် ဇူလိုင်လက လေယာဉ်ကွင်းငယ် တည်ဆောက်ခွင့်ရရှိခဲ့ရာ ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၄ဝဝဝ ကျော်တွင် တည်ရှိနေသော လိုင်လင်းပီမြို့တွင် လေယာဉ်ကွင်းငယ်ကို အရှည်မီတာ ၈ဝဝ ထိ ပြုလုပ်သွားမည် ဖြစ်ပြီး ၂ဝ၂ဝပြည့်နှစ် မေလတွင် လေယာဉ်စတင်ပျံသန်း ပြေးဆွဲနိုင်မည်ဖြစ်ကာ နိုဝင်ဘာလတွင်လေယာဉ်ကွင်း တည်ဆောက်ရေး လုပ်ငန်းများ စတင်အကောင်အထည် ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment