Pages

Wednesday, July 11, 2018

စစ်ကိုင်းမြို့နယ်တွင် ကွန်ကရစ်လမ်းခင်းရန် ဘိလပ်မြေအိတ် ၆၀၀၀ အစိုးရပံ့ပိုး



စစ်ကိုင်း ၁၁-၇-၂ဝ၁၈

စစ်ကိုင်းမြို့နယ် မင်းကွန်းကျေးရွာ အုပ်စုအတွင်းရှိ မင်းကွန်း-ရှားရောင်း-ကင်းကျေးရွာချင်း ဆက်လမ်းပိုင်းကို အဆင့်မြှင့်တင် နိုင်ရေးအတွက် ကွန်ကရစ်လမ်း ခင်းနိုင်ရန် တိုင်းဒေသကြီးအစိုးရ အဖွဲ့က ဘိလပ်မြေအိတ် ၆ဝဝဝ ပံ့ပိုးကူညီခဲ့ကြောင်း လမ်းဖြစ်မြောက်ရေး ကော်မတီအဖွဲ့မှ သိရသည်။

အဆိုပါ ကျေးရွာချင်းဆက် လမ်းပိုင်းမှာ အရှည် ၁ မိုင် ၃ ဖာလုံရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ပံ့ပိုးလှူဒါန်းသည့် ဘိလပ်မြေအိတ် ၆ဝဝဝ ဖြင့် ကိုယ့်အား ကိုယ်ကိုးခင်းမည့် ကွန်ကရစ်လမ်းပိုင်းကို ယခုလ ၈ရက်က မင်းကွန်းဒေသမှ ဆရာတော်များ၊ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရ အဖွဲ့စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သိန်း၊ စစ်ကိုင်းခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်၊ စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်၊ စစ်ကိုင်းမြို့တော် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းအောင်တို့က ကျေးရွာတာဝန်ရှိ သူများနှင့်အတူ ကွင်းဆင်း ကြည့်ရှုခဲ့သည်။

"မင်းကွန်းမြသိန်းတန် ဘုရားရှေ့ကနေ ကင်းရွာ-ရှားရောင်ကျေး ရွာချင်းဆက်လမ်းက ၁မိုင် ၃ဖာလုံ ရှိပါတယ်။ အဲဒါကို ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းခင်းမယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဘိလပ်မြေအိတ် ၆ဝဝဝ ပံ့ပိုးကူညီပါတယ်။ ဒီကျေးရွာချင်းဆက် လမ်းအတွက်က ဘိလပ်မြေအိတ် ၄ဝဝဝ၊မင်းကွန်းတောင်ရိုးက လမ်းသွယ်တွေအတွက် ဘိလပ်မြေအိတ် ၂ဝဝဝ ပံ့ပိုးကူညီထားပါတယ်"ဟု လမ်းဖြစ်မြောက်ရေး ကော်မတီနာယက ဦးဝင်းနိုင်က ပြောပြသည်။

ထို့ပြင် စစ်ကိုင်းမြို့နယ် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ရပ်ကွက်များမှ ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းခင်း မည့်ရပ်ကွက်များကို ဘိလပ်မြေအိတ်များ ပံ့ပိုးပေးနိုင်ရန် စစ်ကိုင်းတိုင်း ဒေသကြီးစည်ပင် သာယာရေးအဖွဲ့က ဘိလပ်မြေအိတ် ၂ဝဝဝဝ ကို ပံ့ပိုးပေးထားကြောင်း၊ လက်ရှိတွင် ဘိလပ်မြေအိတ် ၁ဝဝဝဝ ကျော်ကို ပံ့ပိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း စစ်ကိုင်းမြို့နယ်စည်ပင် သာယာရေး ကော်မတီထံမှ သိရသည်။

စစ်ကိုင်းမြို့နယ် စည်ပင်သာယာ နယ်နိမိတ်အတွင်း ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းများ ခင်းမည်ဆိုပါက စည်ပင်သာယာဌာန သို့တင်ပြပြီး ဘိလပ်မြေအိတ်တောင်း ခံနိုင်ကြောင်း၊ ထိုသို့တင်ပြတောင်း ခံလာမှုအပေါ် စည်ပင်သာယာရေး ကော်မတီက ကွင်းဆင်းတိုင်းတာမှု များပြုလုပ်ပြီး ဘိလပ်မြေအိတ်များ ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment