Pages

Wednesday, July 25, 2018

ရာသီဥတုအခြေအနေကြောင့် ရန်ကုန်ဆိပ်ကမ်းများ၌ ဆန်တင်သင်္ဘောများ ဆိုက်ကပ်နေသော်လည်း တင်ပို့နိုင်ခြင်းမရှိသေး



ရန်ကုန် ၂၅-၇-၂ဝ၁၈

ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများ၌ ဆန်တင် သင်္ဘောများ ဆိုက်ကပ် နေကြသော်လည်း ရာသီဥတု အခြေအနေကြောင့် ပြည်ပသို့ တင်ပို့နိုင်ခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံ ဆန်ကုန်သည်များ အသင်း (ဘုရင့်နောင်) အတွင်းရေးမှူး ဦးသန်းဦးထံမှ သိရသည်။

လက်ရှိတွင် ဆူးလေဆိပ်ခံ တံတားများ၊ ဗိုလ်တထောင် ဆိပ်ကမ်းနှင့် သီလဝါဆိပ်ကမ်း အသီးသီး၌ ကုန်တင်သင်္ဘောများ ဆိုက်ကပ်ရန် စာရင်းပေးသွင်း ထားမှုများ ရှိနေကာလာမည့် နှစ်ပတ်အတွင်း ဆန်နှင့် ဆန်ကွဲများကို ယင်းဆိပ်ကမ်းများမှ တစ်ဆင့် ပြည်ပသို့ တင်ပို့ရန်ရှိပြီး ဆူးလေဆိပ်ကမ်း အမှတ် (၁) မှ တန်ချိန်သုံးသောင်းခန့် နှင့်ဆိပ်ကမ်း အမှတ် (၅) မှ တန်ချိန်နှစ်သောင်းကျော် တင်ပို့ရန် စီစဉ်ထားကြောင်း သိရသည်။

''သင်္ဘောလည်းရှိတယ်။ ဆန်တွေလည်းရှိတယ်။ မိုးအရမ်းများ နေတဲ့အတွက် သင်္ဘောတင်လို့မရဘူး။ ရာသီဥတုကြောင့် လုပ်ငန်းတွေ နှောင့်နှေးနေရတယ်'' ဟု ဦးသန်းဦးက ပြောသည်။ ယင်းကဲ့သို့ ပြည်ပသို့တင်ပို့ရန် အချိန်နှောင့်နှေး နေသည့်အတွက် ကုန်သည်များမှာ ဒဏ်ကြေးများ ပေးဆောင်နေရပြီး လတ်တလောတွင် ပြည်ပပို့ဆန်များ ဝယ်ယူမှု နည်းပါးနေသည့်အတွက် ဈေးကွက်အေးနေကြောင်း သိရသည်။

မြန်မာနိုင်ငံမှဆန်ကို ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းတို့မှ ပြည်ပသို့ တင်ပို့လေ့ရှိပြီး ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှတစ်ဆင့် ဇူလိုင် ၈ ရက်မှ ၁၄ ရက်အထိ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ဝ၄ သန်းတန်ဖိုးရှိ ဆန် ၃၄၂၅ တန် တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ဆန်နှင့် ဆန်ကွဲကို နိုင်ငံပေါင်း ၇၈ နိုင်ငံသို့ တင်ပို့နေရပြီး ပင်လယ်ရေကြောင်းမှ ဆန်ဖြူ ၅ မှတ်၊ ၁ဝ မှတ်၊ ၂၅ မှတ်ဆန်တို့ကို တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃ဝဝ မှ ၄၂ဝ ကြားအထိ ဈေးနှုန်းရရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment