Pages

Wednesday, July 25, 2018

ကမ်းခြေများ၌ ဟိုတယ်တည်ဆောက်ရာတွင် သတ်မှတ်အမြင့်ကို မကျော်စေဘဲ တည်ဆောက်ခွင့်ပြု



ရန်ကုန် ၂၅-၇-၂ဝ၁၈

ယခုနှစ် ဇူလိုင်လမှစ၍ ပြည်တွင်းရှိ ကမ်းခြေများ၌ ဟိုတယ်တည်ဆောက်ရာတွင် သတ်မှတ်အမြင့်ကို မကျော်စေဘဲ သုံးထပ်အထိ တိုးမြှင့်တည်ဆောက်ခွင့် ပြုထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးမြင့်ထွေးထံမှ သိရသည်။

ကမ်းခြေများ၌ ဟိုတယ်အထပ်မြင့် ဆောက်လုပ်ခွင့်နှင့် ပတ်သက်၍ အမြင့်၁ဝ မီတာဖြင့် နှစ်ထပ်သာ ဆောက်လုပ်ရမည် ဖြစ်ကြောင်း ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလမှ စ၍ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနမှ တရားဝင် စာထုတ်ပြန်၍ ကန့်သတ်ခဲ့ပြီး ယခု သုံးထပ်အထိ ဆောက်လုပ်ရန် ပြန်လည်ဖြေလျှော့ပေးခြင်း ဖြစ်သည်။

''အရင်တုန်းကတော့ ဟိုတယ်ဆောက်တဲ့အခါမှာ နှစ်ထပ်ဆိုတော့ အခန်းအရေအတွက် နည်းတယ်။ အခုလိုဖြေလျှော့ ပေးလိုက်လို့ အခန်းများများ ဆောက်ချင်တဲ့ လုပ်ငန်းရှင်တွေလည်း လုပ်ခွင့်ရသွားတာပေါ့။ အမြင့်ကတော့ ၁ဝ မီတာအမြင့်ပါပဲ။ တစ်ထပ်ပိုဆောက် ခွင့်ရသွားတာပါ'' ဟု ဦးမြင့်ထွေးက ပြောသည်။

ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ ငွေဆောင်ကမ်းခြေ၌ ဟိုတယ် ၃၁ လုံး၊ ချောင်းသာကမ်းခြေ၌ ၂၉ လုံးနှင့် ငပလီကမ်းခြေ၌ အလုံး ၄ဝ ရှိကြောင်း သိရသည်။

''တစ်ထပ်တိုး တည်ဆောက်ခွင့်ရလို့ ဟိုတယ်အခန်းတွေကို တိုးချဲ့ပြီး ဆောက်ခွင့် ရှိလာတယ်။ ဧည့်သည်တွေကို ပိုပြီးလက်ခံလို့ ရလာတဲ့အပြင် ဈေးနှုန်းတည်ငြိမ်မှု ကိုလည်း ဖြစ်စေပါတယ်။ ဧည့်သည်အရမ်းများလို့ဈေးတက်သွား တာမျိုးတွေ မဖြစ်တော့ဘူး'' ဟု ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း (ချောင်းသာဇုန်)မှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးမင်းကျော်ဦးက ပြောသည်။

#Themyawadydaily

No comments:

Post a Comment