Pages

Monday, July 23, 2018

နတ်မောက်မြို့နယ် ရွာသစ်ရေကျော်တွင် ဆီဘောက်ဆာယာဉ်တစ်စီး ရေထဲမျောပါမှုဖြစ်ပွား



နတ်မောက် ၂၃-၇-၂ဝ၁၈

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ရွာမွန်ကျေးရွာအုပ်စု ရွာသစ်ရေကျော်တွင် ဇူလိုင် ၂၁ ရက် ညနေ ၃နာရီ ၁ဝမိနစ်က ဆီဘောက်ဆာယာဉ်တစ်စီး ရေထဲမျောပါမှု ဖြစ်ပွားခဲ့ကြောင်း နတ်မောက်မြို့မရဲစခန်းမှ သိရသည်။

မင်းလှမြို့ အမှတ်(၅)ရပ်ကွက်နေ ယာဉ်မောင်း ဦးမြအေး(ဘ) ဦးတင်လှိုင် မောင်းနှင်ပြီး ယာဉ်နောက်လိုက် မောင်ဌေး မင်းလှမြို့နယ် ဂျင်ရဲမျှောင်ကျေးရွာနေသူ လိုက်ပါလာသော ယာဉ်အမှတ် 3D/---- ဖူဆို ဆီ ၂၈ဝဝဂါလန်ဆံ့ ဆီဘောက်ဆာ ၁၂ဘီး အဖြူရောင် မော်တော်ယာဉ်သည် မိတ္ထီလာမြို့မှ အထက်မင်းလှမြို့သို့ သွားရောက်ရန် မိတ္ထီလာ-ကျောက်ပန်းတောင်း-ရွာမွန်-နတ်မောက်-မကွေး ကားလမ်းအတိုင်း မောင်းနှင်လာစဉ် နတ်မောက်မြို့နယ် ရွာမွန်ကျေးရွာအုပ်စု ရွာသစ်ရေကျော်သို့ အရောက်တွင် အနက် လေးပေ၊ အကျယ် ပေ၄ဝ ခန့်ရှိ ရေကျော်အတွင်း ဖြတ်ကူးမောင်းနှင်ရာ ရေစီးအတွင်း ရပ်တန့်သွားပြီး ကားလမ်းနှင့်ပေ ၁ဝဝခန့် မျောပါသွားကြောင်း သိရသည်။

အဆိုပါယာဉ် မျောပါမှုကြောင့် ယာဉ်ပေါ်ပါလာသူ နှစ်ဦးစလုံးမှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။ ညနေ ၆နာရီခန့်၌ ကားမှာ ချောင်းကမ်းပါးအခြေ၌ အတည့်ပြန်လည် ဖြစ်နေရာ ရေအနည်းငယ်ကျချိန်တွင် ဘောက်ဆာယာဉ်မှာ သဲထဲတွင် ထက်ဝက်ခန့် နစ်မြုပ်၍ သဲများဖုံးအုပ် လျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း မြအေးကို နတ်မောက်မြို့မရဲစခန်းက ယာဉ်(ပ)၃၃/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ- ၂၇၉ ဖြင့် အမှုရေးဖွင့်ပြီး အမှုစစ်ဒုတိယ ရဲအုပ်သောင်းလှက စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment