Pages

Thursday, July 26, 2018

ငွေကျပ်သိန်းပေါင်း ၂၇၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူနှစ်ဦး ဖမ်းဆီးရမိ



နေပြည်တော် ၂၆-၇-၂ဝ၁၈

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ၂၁မိုင်ပူးပေါင်း စစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ်ဝင်၊ ထွက်မှုများကို စစ်ဆေးလျက်ရှိသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၄ရက် မွန်းတည့် ၁၂နာရီခန့်တွင် နမ္မတီးဘက်မှ မြစ်ကြီးနားဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် တစ်စီးကို စစ်ဆေးရာ ငွေကျပ်သိန်းပေါင်း ၂၇ဝဝကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သယ်ဆောင် လာသူနှစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။

နမ္မတီးဘက်မှ မြစ်ကြီးနားဘက်သို့ အောင်မင်းနိုင် (ဘ)ဦးကုလား မောင်းနှင်ပြီး အောင်ဖြိုးဝေ (ဘ) ဦးနိုင်ဝင်း လိုက်ပါလာသည့် အေဒီဘင်အမျိုးအစား မော်တော်ယာဉ်ကို စစ်ဆေးရာ ဂီယာတိုင်ရှေ့ အံဝှက်အတွင်းမှ ပလတ်စတစ် ကပ်ခွာအိတ်ဖြင့် ထည့်ထားသည့် 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၁၉ဝ၈ပြား၊ ဘိန်းဖြူမှုန့် ၃၄၁၅ ဒသမ ၅ဂရမ်ခန့်ပါ ဆပ်ပြာခွက် ၂၉၇ခွက်၊ မူးယစ်ဆေးဝါး ရောင်းချရာမှ ရရှိငွေကျပ် လေးသိန်း၊ ဖုန်းလေးလုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့၏ ပြောကြားချက်အရ အဆိုပါ မူးယစ်ဆေးဝါးများကို မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက် နယ်မြေ (၁၃) အိမ်အမှတ် (RP/13-104) နေ မဆွေဆွေမျိုး (ဘ)ဦးမျိုးမြင့်က ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာအုပ်စု ဟိုနန်း ကျေးရွာနေ အမည်မသိတရုတ် လူမျိုးတစ်ဦးထံသို့ ငွေကျပ်သိန်း ၃ဝပေး၍ သယ်ဆောင်ခိုင်းခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် မဆွေဆွေမျိုးကို မွန်းလွဲ ၂နာရီခန့်တွင် ၎င်း၏နေအိမ်၌ သွားရောက်ရှာဖွေရာ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ပစ္စည်းတစ်စုံတစ်ရာ မတွေ့ရှိ ရသော်လည်း မူးယစ်ဆေးဝါး ရောင်းဝယ်ရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်း တစ်လုံးနှင့်အတူ ဖမ်းဆီးရမိ ခဲ့သည်။

အဆိုပါ ခန့်မှန်းငွေကျပ် သိန်းပေါင်း ၂၇ဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ ဆက်စပ်ပစ္စည်းများ နှင့်အတူ ဖမ်းဆီးရမိ သူများကို မြစ်ကြီးနား နယ်မြေရဲစခန်း၌ တရားဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment