Pages

Thursday, July 26, 2018

သဘာဝရေဘေးအန္တရာယ် ကာကွယ်ရေးအတွက် လက်တွေ့ကြိုတင် ဇာတ်တိုက် လေ့ကျင့်မည်



ကလေး ၂၆-၇-၂ဝ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ၏ ဦးဆောင်မှုဖြင့် ရေဘေးအန္တရာယ် ကယ်ဆယ်ရေးစခန်း တာဝန်ကျ ဌာနဆိုင်ရာများ၊ ရေဘေးကြိုတင် ကာကွယ်ရေး ကော်မတီများ ပူးပေါင်း၍ သဘာဝရေဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး လက်တွေ့ ဇာတ်တိုက် လေ့ကျင့်မှုကို ဇူလိုင် ၂၆ ရက် နံနက် ၇ နာရီ ၃ဝမိနစ်တွင် စတင်ပြီး ကလေးမြို့နယ် ပြင်သာကျေးရွာ သုသာန်ကျောင်း၌ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါရေဘေး ကယ်ဆယ်ရေးဇုန် ငါးဇုန်ကို ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများဖြင့် ကယ်ဆယ်ရေး စခန်း ၂၂နေရာ သတ်မှတ်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကော်မတီ၁ဝခု ဖွဲ့စည်းပြီး ရေဘေးကယ်ဆယ်ရေး ဇုန်ငါးဇုန်မှ တာဝန်ကျ ဌာနဆိုင်ရာများက စတင်ပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းမြို့နယ် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကော်မတီထံမှ သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကလေးမြို့နယ်အတွင်း ရေဘေးကျရောက် လာပါက အသင့်ဖြစ်နေစေရန် ကြိုတင်လက်တွေ့ အနေဖြင့် အနိမ့်ပိုင်း ဒေသဖြစ်သည့် ပြင်သာကျေးရွာ ပြည်သူများအတွက် ကယ်ဆယ်ရေး စခန်းကို တပ်ဦးသီတာရပ်ကွက် အမှတ်(၇) အခြေခံပညာအထက် တန်းကျောင်း၌ ဖွင့်လှစ်ထားရှိရာ ရေဘေးသင့်ပြည်သူများ ထိခိုက်လွယ်အုပ်စုလေးအုပ်စု၊ အိမ်မွေး တိရစ္ဆာန်များကို သတ်မှတ်ထားသည့် ရေဘေးရှောင် ကယ်ဆယ်ရေးစခန်းသို့ ရွှေ့ပြောင်း ပို့ဆောင်ပေးခြင်း၊ နေရာချထားခြင်း၊ ရေကျပြီးပါက မူလကျေးရွာသို့ ပြန်လည်ပို့ ဆောင်ပေးခြင်း ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်မည်ဖြစ်သည်။

ကလေးဒေသတွင် ပြီးခဲ့သည့် ၂ဝ၁၇ခုနှစ် မိုးတွင်းကာလက ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ရာ ပျက်စီးဆုံးရှုံးမှု နည်းနိုင်သမျှ နည်းအောင် ကလေးခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ၏ စနစ်တကျ ဦးဆောင်စီမံ ခန့်ခွဲမှုဖြင့် ရေဘေးကယ်ဆယ်ရေး ဇုန်ငါးဇုန်မှ တာဝန်ကျဌာန ဆိုင်ရာများ၊ ရေဘေးအန္တရာယ် ကယ်ဆယ်ရေးစခန်း တာဝန်ကျ ဌာနဆိုင်ရာများ၊ အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်သည့် ရေဘေးကြိုတင် ကာကွယ်ရေး ကော်မတီများ၊ကလေးတပ်နယ်မှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ NGO နှင့် CSO အဖွဲ့အစည်းများ ပူးပေါင်း၍ ဇုန်အလိုက်ခွဲကာ ကယ်ဆယ်ရေးများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ဆောင်ရွက်ရာတွင် နေ့စဉ်စောင့်ကြည့်ခြင်း၊ မြစ်ရေ တိုင်းထွာချက်များ၊ ရာဇဂြိုဟ်ရေလှောင်တမံ၊ မြစ်သာမြစ်ရေလှောင်တမံ မိုးလေဝသ အခြေအနေတို့ကို သတင်းထုတ်ပြန် ပေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ ခြင်းဖြစ်ရာ ယခုအခါ သဘာဝဘေး ရုတ်တရက် ကျရောက်လာပါက ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးလုပ်ငန်းတွင် လူမှုရေးနှင့် ကျန်းမာရေး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေး အတွက် ဇာတ်တိုက် လေ့ကျင့်ရခြင်း ဖြစ်ကြောင်းသိရသည်။

#Themyawadydaily

No comments:

Post a Comment