Pages

Monday, July 30, 2018

ရွှေတိဂုံစေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်မည်



ရန်ကုန် ၃၀-၇-၂ဝ၁၈

ရန်ကုန်မြို့ သိင်္ဂုတ္တရကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ်သည့် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ရန် စက်တင်ဘာလတွင် ငြမ်းဆင်ပြီး ရွှေသင်္ကန်းကပ်လှူခြင်းကို အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း ပြုလုပ်မည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ သိရသည်။

ရွှေသင်္ကန်းကပ်လှူဖို့အတွက် စက်တင်ဘာလမှာ ကျွန်တော်တို့ ငြမ်းဆင်မယ်။ ငြမ်းဆင်ပြီးတော့မှ ရွှေသင်္ကန်းကပ်လို့ရတာပါ။ ရွှေတိဂုံစေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်တဲ့ မင်္ဂလာအခမ်းအနားကို အောက်တိုဘာလနဲ့ နိုဝင်ဘာလလောက်မှာ ပြုလုပ်မှာပါ။ ရွှေသင်္ကန်းကပ်လှူချင်တဲ့သူ တွေအတွက် အလှူခံဌာန အမြဲတမ်းဖွင့်လှစ် ပေးထားပါတယ်။ ရွှေစင်တစ်ကျပ်သားအတွက် ကျသင့်ငွေ၊ သုံးကျပ်သားအတွက်ကျသင့်ငွေ စသည်ဖြင့်ပေါ့။ အလှူရှင်တွေက ဘုရားဖူးလာရင်း ရွှေသင်္ကန်းအတွက်လှူကြတာလည်းရှိပါတယ်။ ဒါပေမဲ့ ရွှေသင်္ကန်းကိုငါးနှစ်တစ်ကြိမ်ကပ်လှူနေကျပါဟု ရွှေတိဂုံစေတီတော်ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက ပြောသည်။

ရွှေတိဂုံစေတီတော်မြတ်ကို လွန်ခဲ့သည့်နှစ်ပေါင်း ၂၆၀၀ ကျော်ကတည်းက တည်ထားကိုးကွယ်ခဲ့ပြီး ကုန်းတော်ကြံ့ခိုင်ရေး၊ စေတီတော်ကြံ့ခိုင်ရေးအတွက် ခေတ်အဆက်ဆက် စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က တာဝန်ရှိသူတို့နှင့်အတူ ပူးပေါင်းကာထိန်းသိမ်း စောင့်ရှောက်လျက်ရှိသည်။ စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့သည် စေတီတော်ကြီးတွင် အများပြည်သူ ရွှေသင်္ကန်းကပ်လှူနိုင်ရန် ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှစ၍ ရွှေစင် တစ်ကျပ်သားတစ်ချပ်လျှင် ငွေကျပ် ၈၁၀၀၀၀ ဖြင့်လည်းကောင်း၊ ရွှေစင် သုံးကျပ်သားတစ်ချပ်လျှင် ငွေကျပ် ၂၄၃၀၀၀၀ဖြင့်လည်းကောင်း၊ ရွှေစင်ခြောက်ကျပ်သားတစ်ချပ်လျှင် ငွေကျပ် ၄၈၆၀၀၀၀ ဖြင့်လည်းကောင်း အလှူခံဌာန ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ရွှေတိဂုံစေတီတော်ကြီးအား စေတီတော်ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့က ထိန်းသိမ်းဆောင်ရွက် လျက်ရှိသော လုပ်ငန်းများတွင် ရွှေသင်္ကန်းကပ်လှူခြင်း သည်လည်း တစ်ခုအပါအ၀င်ဖြစ်သည်။ ယခင်ကပ်လှူထားသော ရွှေပြားများသည် ပျက်စီးနေပါကခြောက်ကျပ်သား၊ သုံးကျပ်သား ရွှေပြားသင်္ကန်းများဖြင့် ငါးနှစ်တစ်ကြိမ် အစားထိုးလဲလှယ်ခဲ့ကြသည်။ ငါးနှစ်တစ်ကြိမ် ရွှေပြားသင်္ကန်းများကို စေတီတော်ကြီး၏ ငှက်ပျောဖူးတော်မှ စတင်ကပ်လှူ ခဲ့ရာ ၂၀၁၅ ခုနှစ်ကရွှေစင်ပိဿာ နှစ်ရာကျော်ကပ်လှူခဲ့ခြင်းသည် နောက်ဆုံးကပ်လှူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment