Pages

Monday, July 30, 2018

ဘီးလင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်ဒေသခံ ပြည်သူများအား ကူညီကယ်ဆယ်လျက်ရှိသည့် နယ်မြေခံတပ်မှ တပ်မတော်သား ၃ ဦးရေစီးနှင့်အတူ မျောပါ ပျောက်ဆုံးလျက်ရှိ



နေပြည်တော် ၃၀-၇-၂ဝ၁၈

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း ဇူလိုင် ၂၅ ရက် ည ၁၀ နာရီခန့်မှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ အဆက်မပြတ် ကျဆင်းလာမှုကြောင့် ဘီးလင်းမြို့ စိုးရိမ်ရေအမှတ်အထက် ကျော်လွန်၍ မြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိ ကျေးရွာများသို့ မြစ်ရေ၀င်ရောက်ခဲ့ပြီး ရန်ကုန်-မော်လမြိုင် ကားလမ်းပိုင်းအချို့နေရာ များတွင်ရေကျော်ကာ လမ်းပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် နေရာများသို့ ဇူလိုင် ၂၆ ရက်မှစတင်၍ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံကယ်ဆယ်ရေး အဖွဲ့များပူးပေါင်း၍ ရပ်ကွက်များ အတွင်းရှိ ရေဘေးသင့်ပြည်သူများအား အနီးပတ်ဝန်းကျင်ရှိ ရေဘေးလွတ်ရာ နေရာများနှင့် ရေဘေးကယ်ဆယ်ရေး စခန်းများသို့ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက် ပေးလျက်ရှိစဉ် ဇူလိုင် ၂၇ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ဘီလင်းမြို့ နှင့်သထုံမြို့ကြားရှိ မစောတံတားနေရာ အနီးတစ်ဝိုက်၌ ခရီးသွားအရပ်သား ပြည်သူ ၄ ဦးခန့်သောင်တင် လျက်ရှိကြောင်း အကူအညီ တောင်းခံလာခဲ့သဖြင့် ရေဘေးကယ်ဆယ်ရေး ဆောင်ရွက်လျက်ရှိသည့် နယ်မြေခံ တပ်မတော်သားများက သွားရောက်ရှာဖွေ ကူညီခဲ့ရာ ၎င်းနေရာ အနီးတစ်ဝိုက်တွင် ရေဘေးသင့်ခရီးသွား ပြည်သူများအား မတွေ့ရှိသဖြင့် ဆက်လက်ရှာဖွေလျက်ရှိစဉ် မွန်းလွဲ ၂ နာရီခန့်တွင် ရုတ်တရက်ရေစီးသန်ခြင်း၊ ရေလှိုင်းပုတ်ခြင်း များကြောင့် အရာရှိ ၁ ဦးအပါအ၀င် တပ်မတော်သား ၆ ဦး တို့သည် ရေစီးနှင့်မျောပါသွားခဲ့ပြီး အရာရှိ ၁ ဦးနှင့် စစ်သည် ၂ ဦးတို့မှာ နီးစပ်ရာရှိ လမ်းဘေး မီးတိုင်အား ဖက်တွယ်လွတ်မြောက်ခဲ့ကာ စစ်သည် ၃ ဦးမှာ ရေစီးနှင့်အတူမျောပါ ပျောက်ဆုံးသွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားရာ နေရာသို့ နယ်မြေခံ တပ်မတော်သားများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်း၍ အဆိုပါစစ်သည် ၃ ဦးမျောပါရာရေစီးကြောင်း တစ်လျှောက်၌ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment