Pages

Monday, July 9, 2018

ပိုလန်နိုင်ငံထုတ် အထပ်မြင့် မီးငြှိမ်းသတ်ယာဉ်နှင့် ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ယာဉ် နှစ်စီးထပ်မံရောက်ရှိ



မန္တလေး ၉-၇-၂ဝ၁၈

မန္တလေးခရိုင်အတွင်း အသုံးပြုနိုင်ရန် ပိုလန်နိုင်ငံထုတ် အထပ်မြင့် မီးငြှိမ်းသတ်ယာဉ်နှင့် ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ယာဉ် နှစ်စီး ဇူလိုင် ၇ ရက်ကထပ်မံ ရောက်ရှိနေပြီ ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး မီးသတ် ဦးစီးဌာနမှ သိရသည်။

မန္တလေးတိုင်း ဒေသကြီး မီးသတ်ဦးစီး ဌာနအသုံးပြုရန် ဇွန် ၁၂ ရက်က ပိုလန်နိုင်ငံထုတ် မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ဇူလိုင် ၇ ရက်က အထပ်မြင့် မီးငြှိမ်းသတ်ယာဉ်နှင့် ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ယာဉ် နှစ်စီးစုစုပေါင်း သုံးစီးရောက်ရှိနေပြီ ဖြစ်ကြောင်း မန္တလေးခရိုင် မီးသတ်ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးထက်အောင်က ပြောပြ၍ သိရသည်။

မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီး ဌာနတွင် အထပ်မြင့် မီးငြှိမ်းသတ်ယာဉ် လေးစီးရှိပြီး ယနေ့ခေတ် မန္တလေးမြို့၌ အထပ်မြင့် အဆောက်အအုံ များပြားလာချိန်တွင် လုံလောက်မှုမရှိကြောင်း၊ မန္တလေးတိုင်း ဒေသကြီးတွင် အသုံးပြုရန် ပိုလန်နိုင်ငံထုတ် အထပ်မြင့် မီးငြှိမ်းသတ်ယာဉ် လေးစီးထပ်မံ ရောက်ရှိလာပါက ပိုမိုလုပ်ဆောင် နိုင်တော့မည် ဖြစ်ကြောင်း တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။

"လက်ရှိ အထပ်မြင့်ကား လေးစီးရှိပါတယ်။ ခေတ်မီတိုးတက်လာချိန် အထပ်မြင့်တွေ များလာချိန်မှာ မလုံလောက်ပါဘူး။ ၂၃ထပ်၊၂၅ထပ်တွေ ပေါ်လာပါပြီ။ အထပ်မြင့်တွေ မီးလောင်ရင် ငြှိမ်းသတ်ဖို့ ခက်ခဲပါတယ် မီးသတ် သမားတွေ ပိုက်ဆွဲပြီးတက်ဖို့ ခက်ခဲပါတယ်။ ဒီကားတွေ ရောက်လာရင်ပိုပြီး လုပ်ဆောင်လာနိုင် တော့မှာပါ"ဟု မန္တလေးခရိုင် မီးသတ်ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးက ပြောပြသည်။

ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန အသုံးပြုနိုင်ရန် ပိုလန်နိုင်ငံထုတ် အထပ်မြင့် မီးငြှိမ်းသတ်ယာဉ်နှင့် ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ယာဉ် ခုနစ်စီးရရှိမည်ဖြစ်ပြီး အဆိုပါ ခုနစ်စီးကို မန္တလေးမြို့တွင် ခြောက်စီး၊ မီတ္ထီလာမြို့တွင် တစ်စီးအသုံးပြုမည် ဖြစ်သည်။ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်က ၂ဝ၁၇ခုနှစ်က ပိုလန်နိုင်ငံ ချေးငွေယူရို သန်းငါးဆယ်ဖြင့် ပိုလန်နိုင်ငံ WISS ကုမ္ပဏီထုတ် မီးသတ်စက်ရုပ်အပါအဝင် ကမ္ဘာ့အဆင့်မီ မီးငြှိမ်းသတ်ယာဉ် ၆၅ စီး ဝယ်ယူထားရာ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနတွင် အသုံးပြုရန် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးယာဉ် ခုနစ်စီးရရှိမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment